- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဖရူဆိုမြို့နယ်တွင် အစုလိုက်မီးရှို့သတ်ဖြတ်ခံရမှုသည် မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံး၌တရားစွဲဆိုရန် နောက်ထပ်သက်သေတစ်ခုဟုပြော
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် Save The Children ဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ၃၅ ဦး မီးရှို့သတ်ဖြတ်ခံရမှုသည် မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးတွင်တရားစွဲဆိုရန် နောက်ထပ်သက်သေတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများမှ ပြောဆိုကြသည်။
29 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၉
ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် Save The Children ဝန်ထမ်းနှစ်ဦးအပါအဝင် ဒေသခံ ၃၅ ဦး မီးရှို့သတ်ဖြတ်ခံရမှုသည် မြန်မာစစ်တပ်ကို နိုင်ငံတကာတရားရုံးတွင်တရားစွဲဆိုရန် နောက်ထပ်သက်သေတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများမှ ပြောဆိုကြသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖရူဆိုမြို့နယ်တွင် ကလေးသူငယ်များနှင့် အမျိုးသမီးများအပါအဝင် (၃၅)ဦး မီးရှို့သတ်ဖြတ်ခံရမှုအတွင်း မိမိတို့ဝန်ထမ်းနှစ်ဦးပါဝင်ခဲ့ကြောင်း Save the Children မှ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် အတည်ပြုထုတ်ပြန်ထားသည်။
ယင်းသို့မီးရှို့သတ်ဖြတ်မှုသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်ပြီး တာဝန်ရှိသူများကို နိုင်ငံတကာဥပဒေအရ အရေးယူမှုချက်ခြင်းလုပ်ဆောင်ရန်လိုကြောင်း ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ အမည်မဖော်လိုသူတစ်ဦးကပြောသည်။
"စစ်ကောင်စီရဲ့ တရားမဲ့၊ ဥပဒေမဲ့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေ။ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့အမှုတွေက နိုင်ငံတကာတရားရုံးတွေမှာတရားစွဲဆိုဖို့ အကောင်းဆုံးသက်သေအထောက်အထားခိုင်လုံနေပါတယ်။ အရေးကြီးဆုံးက တာဝန်ရှိသူတွေကို ထိုက်သင့်သလိုအရေးယူရေးဟာ နိုင်ငံတကာဥပဒေတွေအရ ချက်ချင်းလုပ်ကြရမယ့်အနေအထားတစ်ရပ်ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။
Save the Children မှ အမှုဆောင်ချုပ် Inger Ashing ကလည်း အပြစ်မဲ့ပြည်သူများနှင့် အကူအညီပေးရေးလုပ်ငန်းများလုပ်ဆောင်နေသည့်ဝန်ထမ်းများအပေါ် အကြမ်းဖက်မှုကျူးလွန်ခြင်းအပေါ် လက်မခံနိုင်ကြောင်းပြောသည်။
“ယခုကဲ့သို့ ကျိူးကြောင်းဆင်ခြင်းမဲ့တိုက်ခိုက်မှုဟာ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းဖြစ်တယ်”ဟု Inger Ashing ပြောကြားသည်။
Save the Children မှဝန်ထမ်းနှစ်ဦးမှာ အနီးအနားရှိရပ်ရွာများအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ပြီးနောက် တာဝန်ထမ်းဆောင်ရာရုံးသို့အပြန်တွင် ယင်းအဖြစ်အပျက်နှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
မီးရှို့သတ်ဖြတ်ခံရမှုကြောင့်သေဆုံးသွားသည့် အသက် ၃၂ နှစ်ရွယ်ဝန်ထမ်းတစ်ဦးမှာ ၁၀ လအရွယ်သားတစ်ဦးဖခင်ဖြစ်ပြီး နောက်ထပ်အသက် ၂၈ နှစ်အရွယ်ဝန်ထမ်းတစ်ဦးမှာလည်း သုံးလအရွယ်သမီးငယ်၏ဖခင်ဖြစ်ကြောင်းလည်း Save the Children ကဆိုသည်။
“အပြစ်မဲ့ ပြည်သူတွေနဲ့ မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိတဲ့ သန်းပေါင်းများစွာသော ကလေးသူငယ်တွေကူညီပံ့ပိုးရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေ လုပ်ဆောင်လျက်ရှိတဲ့ ကျွန်မတို့ဝန်ထမ်းတွေကို အခုလိုအကြမ်းဖက်ကျူးလွန်မှုအပေါ် လွန်စွာမှထိတ်လန့်တုန်လှုပ်မိတယ်”ဟု Save the Children မှ အမှုဆောင်ချုပ် Inger Ashing ပြောကြားသည်။
မြန်မာနိုင်ငံရှိပြည်သူများသည် တိုးမြင့်လာသော ဆိုးရွားစွာအကြမ်းဖက်မှုများတွင် ဆက်လက်ပစ်မှတ်ထားခံနေရပြီး ယင်းဖြစ်ရပ်များသည် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန်လိုအပ်နေကြောင်းလည်း Save the Children မှ ထုတ်ပြန်ထားသည်။
လက်ရှိတွင် ကယား(ကရင်နီ)၊ မကွေး၊ ချင်းနှင့် ကရင်ဒေသတို့တွင် Save The Children အဖွဲ့မှလုပ်ဆောင်မှုများကို ယာယီရပ်ဆိုင်းထားကြောင်း သိရသည်။
ထိုသို့သတ်ဖြတ်မှုမျိုးသည် ယခုမှဖြစ်ပွားခြင်းမဟုတ်ဘဲ စစ်ကိုင်းတိုင်း၊ ကင်းမရွာတွင်လည်း အလားတူဖြစ်စဉ်မျိုးရှိခဲ့ကြောင်း ၂၀၀၇ ရွှေဝါရောင်သံဃာကွန်ရက်အဖွဲ့ဝင် ကိုညီညီလွင်(အရှင်ဂမ္ဗီရ)မှ ပြောသည်။
"ဒါတစ်ခုတည်းမှ မဟုတ်ပါဘူး။ ကင်းမရွာမှာလည်း အလားတူ အရှင်လတ်လတ်မီးရှို့အသတ်ခံရတာတွေရှိပါတယ်။ ဒီတော့ အထောက်အထားပြည့်စုံတယ်ပေါ့။ စစ်ကောင်စီကတော့ အမြဲတမ်း သူတို့လုပ်ရပ်တွေကို ဖုံးကွယ်ဖို့ကြိုးစားနေတာပါ။ ဒါက ICC နဲ့ ICJ ရဲ့ဆုံးဖြတ်မှုအပေါ်မှာမူတည်ပါတယ်"ဟု ၎င်းကပြောသည်။
ယခုဖြစ်စဉ်အပေါ် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယခုကိစ္စသည်ပြည်တွင်းရေးကိစ္စသာဖြစ်ပြီး နိုင်ငံတကာမှဝင်ရောက်ပြောဆိုမှုများမပြုလုပ်ရန် မနေ့(ဒီဇင်ဘာ ၂၈ ရက်)တွင် ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုနှင့်ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် နိုင်ငံတကာမှဖိအားပေးအရေးယူနိုင်ရန် ဆောင်ရွက်မှုများရှိနေကြောင်း ကုလသမဂ္ဂနှင့် အမေရိကန်နိုင်ငံအပါအဝင် ဥရောပနိုင်ငံများမှ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့ကလည်း ကယားပြည်နယ်အတွင်း လူအစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုအပေါ်ရှုတ်ချထားပြီး ကမ္ဘာ့နိုင်ငံကြီးများအနေဖြင့် စစ်ကောင်စီကျူးလွန်ထားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇတ်ဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်ခြင်းများကို အမြန်ဆုံးထိရောက်စွာအရေးယူနိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ကြောင်း တိုက်တွန်းထားသည်။