အမေရိက၏ ဂန္တဝင်ဘက်စကတ်ဘောသမား ကိုဘေဘရိုင်ယန့်နှင့်သမီး ရဟတ်ယာဉ်ပျက်ကျသေဆုံး

ဘရိုင်ယန့်နှင့် သမီးဖြစ်သူ ဂျီယန်နာ တို့သည် ဘရိုင်ယန့်က နည်းပြအဖြစ်ပါဝင်ပြီး ဂျီယန်နာက ကစားသမားအဖြစ် ကစားရမည့် ဘက်စကတ်ဘောပွဲတစ်ပွဲသို့ သွားရောက်စဉ် ယခုကဲ့သို့အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

By Foreign Desk 28 Jan 2020

ကိုဘေးဘရိုင်ယန့်သည် အမေရိကန်ဘက်စကတ်ဘောသမိုင်း၏ အကြီးကျယ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။ (ဓာတ်ပုံ - CNN)

အမေရိကန်ဘက်စကတ်ဘောအားကစား၏ အကြီးကျယ်အခမ်းနားဆုံးကစားသမားအဖြစ် တင်စားခံရသော ကိုဘေဘရိုင်ယန့်သည် ဇန်နဝါရီလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့သော ရဟတ်ယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြထားသည်။

ကိုဘေဘရိုင်ယန့်နှင့် သူ၏အသက် ၁၃ နှစ်အရွယ်သမီးဖြစ်သူ ဂျီယန်နာ အပါအဝင် စုစုပေါင်း လူ ၉ ဦးလိုက်ပါလာခဲ့သော ရဟတ်ယာဉ်သည် ကယ်လီဖိုးနီးယားပြည်နယ်၊ ကာလာဘာဆက်စ်မြို့တွင် ပျက်ကျခဲ့ခြင်းဖြစ်ကာ ရဟတ်ယာဉ်ပေါ် လိုက်ပါသွားသူ ၉ ဦးစလုံး သေဆုံးသွားသည်။

ဘရိုင်ယန့်နှင့် သမီးဖြစ်သူ ဂျီယန်နာ တို့သည် ဘရိုင်ယန့်က နည်းပြအဖြစ်ပါဝင်ပြီး ဂျီယန်နာက ကစားသမားအဖြစ် ကစားရမည့် ဘက်စကတ်ဘောပွဲတစ်ပွဲသို့ သွားရောက်စဉ် ယခုကဲ့သို့အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ရဟတ်ယာဉ်သည် လော့စ်အိန်ဂျလိစ်မြို့မှ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း လော့စ်အိန်ဂျလိစ်ခရိုင်မှ တာဝန်ရှိသူများက ပြောကြားသည်။

ပျက်ကျခဲ့သော ရဟတ်ယာဉ်သည် ၁၉၉၁ ခုနှစ်ထုတ်ရဟတ်ယာဉ်ဖြစ်ပြီး Island Express Holding Corp အမည်ဖြင့် မှတ်ပုံတင်ထားသော ရဟတ်ယာဉ်ဖြစ်ကြောင်း တရားဝင်မှတ်ပုံတင်ထားသောစာရင်းများအရ သိရသည်။

ရဟတ်ယာဉ်ပျက်ကျရသော အကြောင်းရင်းကို စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်းလည်း အာဏာပိုင်များက ထုတ်ပြန်ထားသည်။

ကွယ်လွန်ချိန်တွင် အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်သော ကိုဘေးဘရိုင်ယန့်သည် သူ၏ကစားသမားဘဝတစ်လျောက် LA Lakers အသင်းနှင့်အတူ NBA ချန်ပီယံ ၅ ကြိမ်အထိဖြစ်ခဲ့ဖူးပြီး အမေရိကန်ဘက်စကတ်ဘောသမိုင်း၏ အကြီးကျယ်ဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။

ဘရိုင်ယန့်သေဆုံးမှုအပေါ် အမေရိကန်ပြည်ထောင်စုမှသာမက ကမ္ဘာတဝမ်းမှ ၎င်း၏ပရိသတ်များကပါ ဝမ်းနည်းကြေကွဲ ကြောင်းဖော်ပြခဲ့ကြပြီး အနုပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် နာမည်ကျော် အားကစားသမားများကလည်း ဝမ်းနည်းကြေကွဲကြောင်း အသီးသီးဖော်ပြခဲ့ကြသည်ကို တွေ့ရသည်။

NBA ပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမားအဖြစ်လည်း စံချိန်တင်ခဲ့ဖူးသော ဘရိုင်ယန့်တွင် ဇနီးဖြစ်သူ ဗန်နက်ဆာ နှင့် သမီး ၃ ဦးကျန်ရစ်ခဲ့သည်။