- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
တရုတ်ဆောက်လုပ်နေသည့် ကမ္ဘောဒီးယား ရေတပ်စခန်းတွင် သောင်တူးစက်များ တွေ့ရ
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဌာန (CSIS) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ယခုလအတွင်း ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်သည့် ဓာတ်ပုံများနှင့် ဂြိုဟ်တုရုပ်ပုံများတွင် သောင်တူးစက်များ မြင်တွေ့ရကြောင်း ဖော်ပြသည်။
24 Jan 2022
တရုတ်က ဆောက်လုပ်ရေးလုပ်ငန်းများ ကူညီပေးနေသည့် ကမ္ဘောဒီးယားရှိ ‘ရင်း’ ရေတပ်စခန်းတွင် သောင်တူးစက်များ တွေ့ရှိရကြောင်း အမေရိကန်အကြံပေးအဖွဲ့ တစ်ဖွဲ့က ပြောကြားလိုက်သည်။ ရေနက်ဆိပ်ကမ်း အစီအစဉ်များသည် ပိုမိုကြီးမားသည့် စစ်သင်္ဘောများ ဆိပ်ကပ်ရန်အတွက် လိုအပ်မည်ဟု အဆိုပါအဖွဲ့က ပြောကြားကြောင်းလည်း အဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး ဌာန (CSIS) က ထုတ်ပြန်သည့် အစီရင်ခံစာ၌ ယခုလအတွင်း ကမ္ဘောဒီးယားအစိုးရက ထုတ်ပြန်သည့် ဓာတ်ပုံများနှင့် ဂြိုဟ်တုရုပ်ပုံများတွင် သောင်တူးစက်များ မြင်တွေ့ရကြောင်း ဖော်ပြသည်။
“ရေနက်ဆိပ်ကမ်း တူးဖော်မှု လုပ်ဆောင်ချက်များသည် ‘ရင်း’ တွင် ပိုမိုကြီးမားသော စစ်သင်္ဘောများ ဆိပ်ကပ်ရန် လိုအပ်နိုင်ပြီး အမေရိကန်အစိုးရ၏ ၂၀၁၉ ခုနှစ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသကဲ့သို့ တရုတ်နှင့် ကမ္ဘောဒီးယားအကြား လျှို့ဝှက်သဘောတူညီချက်တစ်ရပ်၏ အစိတ်အပိုင်း ဖြစ်နိုင်သည်” ဟု CSIS ၏ အာရှရေကြောင်း ပွင့်လင်းမြင်သာမှုရှိရေး အဖွဲ့ (Asia Maritime Transparency Initiative - AMTI) က ပြောကြားသည်။
သောင်တူးစက်နှစ်လုံးသည် ဇန်နဝါရီလ ၁၃ ရက်နေ့နှင့် ၁၅ ရက်နေ့များတွင် ရောက်ရှိလာခြင်းဖြစ်ကြောင်း ရုပ်ပုံများက ပြသနေသည်ဟုလည်း AMTI က ပြောသည်။
တောင်တရုတ်ပင်လယ်၌ တရုတ်၏ ရေပြင်ပိုင်ရှင်ခံမှုနှင့် စစ်ရေးတိုးမြှင့်မှုများကို ထိန်းညှိတုံ့ပြန်နေသည့် အမေရိကန်ပြည်ထောင်စုက ‘ရင်း’ တွင် တရုတ်ဆောက်လုပ်ရေးနှင့် စစ်ဘက်ဆိုင်ရာ တည်ရှိမှုများ မြင်တွေ့ရခြင်းသည် အထူးစိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်း သောကြာနေ့က တုံ့ပြန်ပြောကြားသည်။
“ဒီလုပ်ရပ်တွေဟာ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ အကျိုးစီးပွား၊ ဒေသတွင်းလုံခြုံရေးနဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရတစ်ဦးက ဆိုသည်။
‘ရင်း’ ကို ချဲ့ထွင်ရေးနှင့် ခေတ်မီအောင်ပြုပြင်ရေးအတွက် တရုတ်က ကူညီပေးမည်ဖြစ်သော်လည်း အဆိုပါနေရာသည် တရုတ်တစ်နိုင်ငံတည်းကို အသုံးပြုခွင့် ပေးရန်မဟုတ်ဟု ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီး တီဘန်းက ပြောကြားကြောင်း ကမ္ဘောဒီးယားမီဒီယာတစ်ခုက ပြီးခဲ့သော ဇွန်လတွင် ဖော်ပြခဲ့သည်။
အမေရိကန်အစိုးရသည် ပြီးခဲ့သည့်နှစ်တွင် ‘ရင်း’ ဆိပ်ကမ်းအရေးနှင့် ပတ်သက်၍ အကျင့်ပျက်မှုဖြင့် ကမ္ဘောဒီးယားအရာရှိနှစ်ဦးအား ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့သလို နိုင်ငံတွင်း တရုတ်၏ စစ်ရေးလွှမ်းမိုးမှု ကြီးထွားလာခြင်း၊ လူ့အခွင့်အရေးဖောက်ဖျက်မှုနှင့် အကျင့်ပျက်မှုများ ရှိနေခြင်း အတွက်လည်း ကမ္ဘောဒီးယားသို့ လက်နက်ရောင်းချခြင်းနှင့် ပို့ကုန်တင်သွင်းမှု ကန့်သတ်ခြင်းတို့ ချမှတ်ခဲ့သည်။