- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အီရတ်တွင် အင်တာနက်ဖြတ်တောက်ပြီး အကန့်အသတ်မရှိ ကာဖျူးထုတ်သော်လည်း ဆန္ဒပြပွဲများ ဆက်လက်အရှိန်မြင့်တက်
အီရတ်တွင် အရှိန်မြင့်တက်လျက်ရှိသော ဆန္ဒပြပွဲများကို တားဆီးရန်ရည်ရွယ်၍ အာဏာပိုင်များက အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး အကန့်အသတ်မရှိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆန္ဒပြပွဲများမှာ ဆက်လက် အရှိန်မြင့်တက်လျက်ရှိနေသည်။
05 Oct 2019
အီရတ်တွင် အရှိန်မြင့်တက်လျက်ရှိသော ဆန္ဒပြပွဲများကို တားဆီးရန်ရည်ရွယ်၍ အာဏာပိုင်များက အင်တာနက်လိုင်းများ ဖြတ်တောက်ပြီး အကန့်အသတ်မရှိ ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆန္ဒပြပွဲများမှာ ဆက်လက် အရှိန်မြင့်တက်လျက်ရှိကြောင်း Independent သတင်းဌာန၏ သတင်းတစ်ပုဒ်အရ သိရသည်။
ဦးဆောင်သူမရှိသော လူထုလှုပ်ရှားမှုအသွင်ဆောင်သည့် ဆန္ဒပြပွဲများသည် အီရတ်အစိုးရ၏ အထက်ပါအစီအမံများကြောင့် အရှိန်လျော့ကျမသွားသည့်အပြင် ယခုအခါ ပိုမို၍ဖရိုဖရဲဖြစ်ကာ ဘဂ္ဂဒက်မြို့စွန် ခရိုင်များတွင်ပါ ပိုမို၍ ပြင်းထန်လာခဲ့သည်။
သေဆုံးသူအရေအတွက်မှာလည်း မြင့်တက်လာကာ အာဏာပိုင်များက ရဲတစ်ဦးအပါအဝင် ၁၉ ဦးသေဆုံးသည်ဟု ထုတ်ပြန်သော်လည်း အမှန်တကယ်အရေအတွက်မှာ ထို့ထက်ပိုမို၍ များပြားဖွယ်ရှိနေသည်။
ပဋိပက္ခများအတွင်း လက်ရှိအချိန်ထိသေဆုံးသူအရေအတွက်မှာ ပြီးခဲ့သော ၅ ရက်အတွင်း အနည်းဆုံး ၇၀ ဦးထိရှိသည်ဟု လုံခြုံရေးနှင့်ဆေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်ကိုကိုးကားပြီး BBC သတင်းကဖော်ပြသည်။
ဘဂ္ဂဒက်မြို့အရှေ့ဘက်ရှိ ရှီယိုက်အလုပ်သမားလူတန်းစားများ၏ အမာခံနယ်မြေဖြစ်သော ဆဒါမြို့တွင် ဆန္ဒပြသမားများသည် မြူနီစပါယ်ရုံးများကို တိုက်ခိုက်ခဲ့ပြီး ဒါဝါပါတီရုံးချုပ်ကို မီးရှို့မှုများရှိခဲ့သည်။
ပြီးခဲ့သောကြာသာပတေးနေ့ တစ်ရက်တည်းမှာပင် ဒဏ်ရာရရှိသူအရေအတွက်မှာ ၆၀၀ ခန့်ရှိပြီး အများစုမှာ လည်ပင်းနှင့် ရင်ဘက်တို့တွင် ရာဘာကျည်ဒဏ်ရာရရှိသူများဖြစ်သည်ဟု ဆရာဝန်များကပြောကြားသည်။
အီရတ်တွင်ဖြစ်ပွားနေသော အခြေအနေများကြောင့် အိမ်နီးချင်းအီရန်နိုင်ငံက နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများကို ပိတ်ပင်ထားသည်။
ဆန္ဒပြသမားအများစုမှာ အာဏာရှင်ဆက်ဒမ်ဟူစိန် လက်ထက်အချိန်များကို မှတ်မိသိရှိနိုင်ဖွယ်မရှိသော အသက် ၂၀ နှင့် အောက်လူငယ်များဖြစ်ကြပြီး ဒေသတွင်းအဆင့်များတွင်မှလွဲ၍ ဦးဆောင်သူလူပုဂ္ဂိုလ်၊ သို့မဟုတ် အဖွဲ့အစည်းဟူ၍ မရှိချေ။
ဆန္ဒပြပွဲများသည် အစိုးရအရာရှိများ၏ အကျင့်ပျက်လာဘ်စားမှုများ၊ အလုပ်လက်မဲ့နှုန်းမြင့်မားမှု၊ အများပြည်သူဝန်ဆောင်မှုများ ညံ့ဖျင်းမှုတို့အပေါ် ယနေ့ခေတ်အီရတ်လူငယ်များက မကျေနပ်ရာမှ တောင်ပိုင်းရှိ ရှီယိုက်ဒေသအများစုတွင် စတင်ပေါ်ပေါက်ပြီး အလျင်အမြန်ပင် ပျံ့နှံ့လာခဲ့ခြင်းဖြစ်သည်။
ဆန္ဒပြမှုတောင်းဆိုမှုများကို အတတ်နိုင်ဆုံး ဖြေရှင်းပေးသွားမည်ဖြစ်သော်လည်း ထိုပြဿနာများအားလုံးအတွက် မှော်ဆန်ဆန်ဖြေရှင်းနည်းမျိုးမရှိဟု အီရတ်ဝန်ကြီးချုပ် မာဒီက ပြီးခဲ့သောသောကြာနေ့က ပြောကြားသောမိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။
သူ့အနေဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပြည့်အဝထောက်ခံမှုပေးထားပြီး ၎င်းတို့သည် ဆန္ဒပြသမားများအပေါ် နိုင်ငံတကာစံနှုန်းများနှင့်အညီ ကိုင်တွယ်လျက်ရှိပါသည်ဟုလည်း ဝန်ကြီးချုပ်မာဒီက ပြောသည်။
အီရတ်၏ သြဇာကြီးမားသော ရှီယိုက်ဘာသာရေးခေါင်းဆောင်များကမူ ဆန္ဒပြပွဲများအပေါ် အီရတ်အစိုးရ၏ ကိုင်တွယ်ပုံကို ဝေဖန်ပြောကြားလျက်ရှိပြီး ရှီယိုက်ဘာသာရေးခေါင်းဆောင်တစ်ဦးကဆိုလျှင် အစိုးရအဖွဲ့နှုတ်ထွက်သင့်သည်ဟုပင် ပြောကြားထားသည်။
ဆန္ဒပြသမားများအပေါ် အစိုးရ၏ အလွန်အကျူးတုံပြန်ပုံများကြောင့် လူနည်းစု စုဝေးမှုများမှ ကိုင်တွယ်ရန်ခက်ခဲသည့် လူထုလှုပ်ရှားမှုအဆင့်ထိ ရောက်ရှိသွားခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်ထောက်ပြမှုများလည်းရှိသည်။
အစိုးရ၏ကိုင်တွယ်ပုံမှာ အသိရခက်လျက်ရှိပြီး ဝန်ကြီးချုပ်မာဒီသည် အီရတ်နိုင်ငံရေးကို နားမလည်သော စစ်ဘက်အရာရှိများ၏ အကြံပြုချက်အတိုင်း လိုက်လံလုပ်ဆောင်နေသည်ဟု ယူဆမှုများလည်းရှိနေသည်။