- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုဗစ်မျိုးကွဲသစ်ပျံ့နှံ့မှု ထိန်းချုပ်ရေး ပြည်ပနိုင်ငံသားများ ဝင်ရောက်ခွင့် ဂျပန် ကန့်သတ်
ကမ္ဘာ့တစ်ဝန်း ပျံ့နှံ့လာနေသည့် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကို တားဆီးနိုင်ရေးအတွက် ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို တားမြစ်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ယနေ့ (နိုဝင်ဘာ ၂၉) ကြေညာလိုက်သည်ဟု စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
29 Nov 2021

DMG ၊ နိုဝင်ဘာ ၂၉
ကမ္ဘာ့တစ်ဝန်း ပျံ့နှံ့လာနေသည့် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကို တားဆီးနိုင်ရေးအတွက် ဂျပန်နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို တားမြစ်မည်ဖြစ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ယနေ့ (နိုဝင်ဘာ ၂၉) ကြေညာလိုက်သည်ဟု စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ကမ္ဘာတစ်ဝန်းက နိုင်ငံခြားသားတွေအားလုံးကို နိုဝင်ဘာလ ၃၀ ရက်နေ့က စတင်ပြီး ဂျပန်ပြည်ဝင်ခွင့် တားမြစ်တော့မှာပါ” ဟု ဝန်ကြီးချုပ်က သတင်းထောက်များကို ပြောကြားသည်။
သတ်မှတ်ထားသည့် နိုင်ငံအချို့မှ ပြန်လာကြမည့် ဂျပန်နိုင်ငံသားများသည်လည်း အစိုးရက သတ်မှတ်ထားသော နေရာများတွင် ကွာရန်တင်းဝင်ရမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။
ဂျပန်အစိုးရသည် နိုင်ငံခြားသား ခရီးသွားများကို ပြည်ဝင်ခွင့် ကန့်သတ်ထားဆဲ တစ်ချိန်တည်း၌ ကာလတို စီးပွားရေးကိစ္စဖြင့် လာမည့်သူများ၊ ပြည်ပကျောင်းသားများနှင့် ပြည်ဝင်ခွင့်ဗီဇာ ကိုင်ဆောင်ထားသူများအား ဂျပန်သို့ လာရောက်ခွင့်ပြုမည်ဟု နိုဝင်ဘာလ အစောပိုင်းတွင် ကြေညာခဲ့သည်။ အဆိုပါ ပြည်ဝင်ခွင့်စည်းကမ်းများအား တစ်ချို့တစ်ဝက် ဖြေလျှော့ပေးအပြီး သီတင်းပတ်အနည်းငယ်မျှသာ ရှိသေးသည့်အချိန်၌ ယခုကဲ့သို့ တကျော့ပြန် စည်းကမ်းချမှတ်လိုက်ခြင်း ဖြစ်သည်။
ကမ္ဘာ့နိုင်ငံအများအပြားသည် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ကူးစက်မှုကို တားမြစ်ရန်အတွက် ခရီးသွားလာခွင့် ကန့်သတ်ချက်များ ထုတ်ပြန်လျက်ရှိပြီး လတ်တလောတွင် နယ်သာလန်၊ ဒိန်းမတ်နှင့် သြစတြေးလျနိုင်ငံများတွင်လည်း အိုမီခရွန် မျိုးကွဲကူးစက်မှုကို စစ်ဆေးတွေ့ရှိထားပြီဖြစ်သည်။
လတ်တလောတွင် ဂျပန်၌ အိုမီခရွန်လူနာ မတွေ့ရသေးသော်လည်း နမ်ဘီယာနိုင်ငံမှ ခရီးသွားတစ်ဦးထံတွင် ကိုဗစ်ပိုးစစ်ဆေး တွေ့ရှိခဲ့ရပြီးနောက် အဆိုပါကူးစက်မှုကို အသေးစိတ် ထပ်မံစစ်ဆေးလျက်ရှိကြောင်း စီအန်အေသတင်းတွင် ဖော်ပြထားသည်။
ဂျပန်တွင် ကိုဗစ်ကာလအတွင်း တင်းကြပ်သော လော့ဒေါင်းစည်းကမ်းများ ချမှတ်လျက်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူလူနာ ၁၈၃၀၀ ရှိသည်။ နိုင်ငံတွင်း လူဦးရေ ရ၆.၅ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီဖြစ်သည်။