လွတ်ခါနီးအကျဉ်းသားအား ၎င်း၏ လသားကလေး ၅ ဦးကို သတ်ဖြတ်မှုဖြင့် ဖမ်းဆီး

ကယ်လီဖိုးနီးယားတွင် ရက်စေ့သဖြင့် လွတ်ခါနီးသည့် အကျဉ်းသားတစ်ဦးအား သူ၏ လသားအရွယ် ကလေးငါးဦးကို သတ်ဖြတ်မှုဖြင့် ထပ်မံထိန်းသိမ်းလိုက်ကြောင်း AP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

By Foreign Desk 28 Jan 2020

ဇန်နဝါရီလ ၂၇ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ပေါလ်ပီရက်ဇ်၏ ဓာတ်ပုံ။ (ဓာတ်ပုံ - AP)

ကယ်လီဖိုးနီးယားတွင် ရက်စေ့သဖြင့် လွတ်ခါနီးသည့် အကျဉ်းသားတစ်ဦးအား သူ၏ လသားအရွယ် ကလေးငါးဦးကို သတ်ဖြတ်မှုဖြင့် ထပ်မံထိန်းသိမ်းလိုက်ကြောင်း AP သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရသူမှာ အသက် ၅၇ နှစ်အရွယ် ပေါလ်ပီရက်ဇ် ဆိုသူဖြစ်ပြီး လိင်အကြမ်းဖက်မှုဖြင့် အကျဉ်းကျခံနေရသူ ဖြစ်သည်။

ပီရက်ဇ်အား ဆက်လက်ထိန်းသိမ်းထားလိုက်ကြောင်း ၎င်းလွတ်မည့်ရက် ဇန်နဝါရီ ၂၇ ရက်နေ့တွင် အာဏာပိုင်များက ကြေညာခဲ့သည်။ ၁၉၉၂ နှင့် ၂၀၀၁ ခုနှစ်ကြားတွင် မွေးဖွားခဲ့သည့် ၎င်း၏ လသားအရွယ် ကလေးငယ်ငါးဦး သေဆုံးမှုနှင့် ဆက်စပ်ပြီး ဖမ်းဆီးလိုက်ဖြင်းဖြစ်သည်။

အမှုဖြစ်ပွားစေသည့် အကြောင်းရင်းကို မသိသေးသော်လည်း ယခုအမှုသည် လူမဆန်သည့် ယုတ်မာမှုဖြစ်ကြောင်း ယိုလိုစီရင်စုရဲမှူး တွမ်လိုပက်ဇ်က ပြောကြားသည်။

၃ လသားအရွယ် ကလေးတစ်ဦး၏ ယိုယွင်းပျက်စီးနေသည့် ရုပ်အကြွင်းအကျန်များအား ၂၀၀၇ ခုနှစ်တွင် ငါးဖမ်းသမားတစ်ဦး တွေ့ရှိခဲ့ရာမှ စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့သည်။ ထိုကလေးသည် နီကိုလီပီရက်ဇ် ဖြစ်ကြောင်း မကြာသေးမီကမှ အတည်ပြုနိုင်ခဲ့သည်။ ကလေးငယ်ဦးခေါင်းခွံမှာ ကွဲအက်နေပြီး နံရိုးများလည်း ကျိုးကြေနေကြောင်း ဆေးစစ်ချက်များက အတည်ပြုထားသည်။

ထပ်မံစုံစမ်းမှုများအရ ထိုကလေးငယ်တွင် မောင်နှမများရှိသေးပြီး ၎င်းတို့အနက် သုံးဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကာ တစ်ဦးမှာ သေဆုံးသွားပြီဟု သိထားကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။

ပီရက်ဇ်သည် လိင်အကြမ်းဖက်မှုကျူးလွန်ရန် ကြံစည်မှုဖြင့် ၁၉၉၀ တွင် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပြီး ကားခိုးမှု၊ သေစေနိုင်သောလက်နက် ပိုင်ဆိုင်မှု၊ ခံဝန်ချက်ဖြင့် လွှတ်ပေးသည့်ကာလအတွင်း ထွက်ပြေးမှုတို့ဖြင့်လည်း နှစ်ပေါင်းများစွာ ထောင်ဒဏ်ကျခံခဲ့ဖူးသူဖြစ်သည်။

ပီရက်ဇ်တွင် ဆွေမျိုးသားချင်းများ ရှိ မရှိ၊ အမှုတွင် ပါဝင်နေသော ကလေးငယ်အားလုံး၏ မိခင်မှာ တစ်ဦးတည်း ဟုတ်၊ မဟုတ်ဆိုသည်ကိုမူ အာဏာပိုင်များက ဖြေကြားခြင်းမရှိပေ။ ပီရက်ဇ်နှင့် ကလေးငယ်များအား သိကျွမ်းသော သက်သေများရှိပါက ဆက်သွယ်ပေးရန် အာဏာပိုင်များက အကူအညီတောင်းခံထားသည်။