အမေရိကန်နဲ့တရုတ်အကြား အကြီးစားထိပ်တိုက်ရင်ဆိုင်မှုတစ်ရပ် ဖြစ်လာနိုင်ခြေ ဘယ်လောက်အထိ ရှိသလဲ။

ဒါက စစ်အေးတိုက်ပွဲမဟုတ်ဘူး။ ဆိုဗီယက်ပြည်ထောင်စုက ကမ္ဘာ့ဥသျှောင်နေရာအတွက် အမေရိကန်ကို အကြိတ်အနယ် ပြိုင်နေခဲ့တာ။တရုတ်ကတော့ ရှင်းရှင်းလေးပဲ သူ့ရဲ့အမျိုးသားအကျိုးစီးပွားအတွက် လုပ်နေတာ။ တရုတ်က ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့ စိတ်ကူးမရှိဘူး။

By လင်းခိုင် 04 Aug 2022

ဓာတ်ပုံ - The Finder

DMG | သြဂုတ် ၄

ဒါက စစ်အေးတိုက်ပွဲမဟုတ်ဘူး။ ဆိုဗီယက်ပြည်ထောင်စုက ကမ္ဘာ့ဥသျှောင်နေရာအတွက် အမေရိကန်ကို အကြိတ်အနယ် ပြိုင်နေခဲ့တာ။ တရုတ်ကတော့ ရှင်းရှင်းလေးပဲ သူ့ရဲ့အမျိုးသားအကျိုးစီးပွားအတွက် လုပ်နေတာ။ တရုတ်က ကမ္ဘာကြီးကိုပြောင်းလဲပစ်ဖို့ စိတ်ကူးမရှိဘူး။

သူ့သြဇာအတွက် အားထုတ်မှုတော့ ရှိလိမ့်မယ်။ ကျွန်တော်ကတော့ တရုတ်ဟာ ဒါကိုအောင့်အည်းထားမယ်လို့ ထင်တယ်။ တရုတ်ဟာ အမေရိကန်ကို လိုအပ်တယ်။ အမေရိကန်ဈေးကွက်၊ အမေရိကန်နည်းပညာကို လိုအပ်တယ်။ တရုတ်ကျောင်းသားတွေ အမေရိကကိုသွားပြီး စီးပွားရေးလုပ်ငန်း လည်ပတ်ပုံနည်းနာတွေ သင်ယူနေရဖို့ လိုအပ်တယ်။ ဒီလိုနည်းနဲ့ သူတို့ရဲ့ ကွက်လပ်ကို ဖြည့်နိုင်မှာ။ ဒီတော့ ဒါတွေအတွက်ကို အချိန်က ၁၀ နှစ်၊ နှစ် ၂၀၊ နှစ် ၃၀ အထိ အချိန်ပေးရမယ်။ အမေရိကန်ကို ရန်ရှာပြီး သူတို့ရဲ့ မဟာရန်သူသွားလုပ်ရင် အဲဒီသတင်းအချက်အလက်တွေနဲ့ နည်းပညာစွမ်းဆောင်ရည်တွေ အကုန် အဆက်ပြတ်သွားလိမ့်မယ်။ ဒီနှစ်နိုင်ငံကြားက အားပြိုင်မှုကို အချင်းချင်းအသုံးချလို့ရနေတဲ့ အဆင့်မှာပဲ ထိန်းထားကြလိမ့်မယ်။

စစ်အေးတိုက်ပွဲကာလ အမေရိကန်-ဆိုဗီယက် ဆက်ဆံရေးနဲ့ မတူတာက ဈေးကွက်ကို အင်တိုက်အားတိုက် လက်ခံယုံကြည်ထားတဲ့တရုတ်နဲ့ အမေရိကန်တို့အကြားမှာ နိုင်ငံရေးအယူဝါဒဆိုင်ရာ ညှိမရတဲ့ပဋိပက္ခ မရှိတဲ့အချက်ပဲ။ တရုတ်-အမေရိကန် ဆက်ဆံရေးဟာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု ရှိသလို အပြိုင်အဆိုင်လည်း ကြီးတယ်။ သူတို့အကြား ပြိုင်ဆိုင်မှုကို ရှောင်လွဲလို့မရဘူး။ ဒါပေမဲ့ ပဋိပက္ခကိုတော့ ရှောင်လို့ရတယ်။

ဆိုဗီယက်ယူနီယံ ပြိုကွဲသွားတဲ့နောက်ပိုင်းမှာ အမေရိကန်နဲ့ တရုတ်ဟာ ရန်ဘက်မဟုတ်ရင်တောင် ပြိုင်ဘက်အဖြစ် အချင်းချင်း မြင်နေကြဖို့များတယ်။ ဒါပေမဲ့ ထွက်ပြီးဆင်စွယ် ပြန်ဝင်မရတော့တဲ့ အဆင့်ကို မရောက်သေးဘူး။ ဖြစ်နိုင်ခြေတွေထဲက အကောင်းဆုံးရလဒ်ကတော့ နှစ်နိုင်ငံအကြား နားလည်မှုအသစ်တစ်ရပ် ရှိလာဖို့ပေါ့။ ဒါကတော့ သူတို့ချင်း ပေါင်းလုပ်လို့ မရဘူးဆိုရင် နှစ်နိုင်ငံ ယှဉ်တွဲရပ်တည်ပြီး ပစိဖိတ်နိုင်ငံတွေအားလုံးကိုလည်း ကြီးထွားဖွံ့ဖြိုးခွင့်ပေးဖို့ ဆိုတဲ့နားလည်မှုပဲ။

သူတို့ရဲ့ဆက်ဆံရေးကို ငြိမ်အောင်ထိန်းထားတဲ့ အချက်တစ်ချက်က နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ဖို့၊ အားကောင်းတဲ့ပြိုင်ဆိုင်မှု အပြန်အလှန်ထားရှိဖို့ လိုအပ်တယ်ဆိုတဲ့အချက်ပဲ။

တရုတ်နဲ့ အမေရိကန်အကြား စစ်ရေးပဋိပက္ခ အန္တရာယ်တစ်ရပ် ပေါ်လာနိုင်ခြေကတော့ နည်းတယ်။ အမေရိကန်ရဲ့ စစ်အင်အားဟာ အကြီးအကျယ်သာလွန်ပြီး နောက်ထပ်ဆယ်စုနှစ် တစ်ချို့အထိ ဒီအတိုင်းရှိနေဦးမယ်ဆိုတာ တရုတ်ခေါင်းဆောင်တွေ သိတယ်။ တရုတ်ဟာ သူရဲ့စစ်အင်အားကို ခေတ်မီအောင် အဆင့်မြှင့်လိမ့်မယ်။ အမေရိကန်ကို စိန်ခေါ်ဖို့တော့မဟုတ်ဘူး။ လိုအပ်လာရင် ထိုင်ဝမ်ကို ပိတ်ဆို့ပြီး ဖိအားပေးနိုင်ဖို့၊ ဒါမှမဟုတ်လည်း ထိုင်ဝမ်စီးပွားရေး ယိုင်နဲ့သွားအောင် လုပ်ဖို့အတွက်ပဲ။

တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်အငြင်းပွားမှုမှာ နိုင်ငံတကာတရားရုံးကို ဝင်ရောက်စေ့စပ်ခွင့် ပေးမှာမဟုတ်ဘူး။ ဒီတော့ ကုလသမဂ္ဂရဲ့ ပင်လယ်ပြင်စည်းမျှဉ်းတွေ အသက်ဝင်ဖို့အတွက်ဆိုရင် အာရှ-ပစိဖိတ်မှာ အမေရိကန်ရဲ့ စစ်အင်အား ရှိနေဖို့ လိုအပ်လိမ့်မယ်။

လင်းခိုင်
ယခုစာစုသည် စင်္ကာပူခေါင်းဆောင် လီကွမ်ယု သက်ရှိထင်ရှားရှိစဉ်က တွေ့ဆုံမေးမြန်းမှုများမှ ထုတ်နှုတ် ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။ ရည်ညွှန်း - The Grand Master’s Insights, 2012