ထရမ့်ဆန့်ကျင်ရေးအတွက် အမေရိကန်ဘီလီယံနာ မိုက်ကယ်ဘလွန်းဘာ့ဂ် ဒေါ်လာသန်း ၁၀၀ သုံးမည်

ရီပတ်ဗလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်သော အွန်လိုင်းကြော်ငြာ လှုပ်ရှားမှုများ လုပ်ဆောင်ရန် ဒေါ်လာသန်း ၁၀၀ ရန်ပုံငွေ အသုံးပြုမည်ဟု ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ရေး ဆောင်ရွက်နေဖွယ်ရှိသည့် မီဒီယာလုပ်ငန်းရှင် သူဌေးကြီး နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ်က ပြောကြားလိုက်ကြောင်း...

By Foreign Desk 17 Nov 2019

၂၀၁၈ လွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်များအနိုင်ရရန် မိုက်ကယ်ဘလွန်းဘာ့ဂ်က ငွေကြေးများစွာ ထည့်ဝင်ခဲ့ဖူးသည်။ (ဓာတ်ပုံ - Reuters)

ရီပတ်ဗလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဆန့်ကျင်သော အွန်လိုင်းကြော်ငြာ လှုပ်ရှားမှုများ လုပ်ဆောင်ရန် ဒေါ်လာသန်း ၁၀၀ ရန်ပုံငွေ အသုံးပြုမည်ဟု ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းဖြစ်ရေး ဆောင်ရွက်နေဖွယ်ရှိသည့် မီဒီယာလုပ်ငန်းရှင် သူဌေးကြီး နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ်က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

သမ္မတရာထူးအတွက် ဝင်ရောက်ပြိုင် မပြိုင်ကို ဘလွန်းဘာ့ဂ်က အတည်မပြုထားပေ။ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ယှဉ်ပြိုင်နိုင်သည့် အနေအထားမျိုး ရှိနေသည်။

အလယ်အလတ်ဝါဒီ မြို့တော်ဝန်ဟောင်း ဘလွန်းဘာ့ဂ် သည် ပါတီသမ္မတလောင်းဖြစ်ရေးအတွက် ခက်ခဲစွာ ယှဉ်ပြိုင်ရဖွယ်ရှိပြီး၊ ပြိုင်ဘက်များကို လအတန်ကြာ အကြောပေးသကဲ့သို့ ရှိသည်။

ဘလွန်းဘာ့ဂ်က ငွေကြေးထောက်ပံ့မည့် အွန်လိုင်းကြော်ငြာများသည် စတင်လွှင့်နေခြင်းမရှိသေးဘဲ အရီဇိုးနား၊ မီချီဂန်၊ ပင်ဆယ်ဗေးနီးယားနှင့် ဝစ္စကွန်ဆင်တို့တွင် မကြာခင် စတင်မည် ဖြစ်သည်။

မစ္စတာဘလွန်းဘာ့ဂ် သမ္မတလောင်းအဖြစ် ပါဝင်အရွေးခံသည်ဖြစ်စေ၊ အရွေးမခံသည် ဖြစ်စေ အဆိုပါကြော်ငြာများကို ဒီမိုကရက်တစ်ပါတီတွင်း သမ္မတလောင်းရွေးမည့် အဆင့်ကာလမှာပင် ထုတ်လွှင့်မည်ဖြစ်ကြောင်း ၎င်း၏ အဖွဲ့သားတစ်ဦးက ဆိုသည်။

ဒေါ်လာသန်းတစ်ရာသုံးမည့် ထရမ့်ဆန့်ကျင်ရေး နိုင်ငံရေးကြော်ငြာများ အကြောင်းကို The New York Times သတင်းစာက ရေးသားဖော်ပြထားသည်။

ထရမ့်ဆန့်ကျင်ရေး ကြော်ငြာများ သုံးမည့် ပြည်နယ်လေးခုသည် အနီးကပ်ပြည်နယ်များဖြစ်ကာ ဒီမိုကရက်တစ် သမ္မတလောင်းရွေးမည့် ကနဦးအဆင့် ပြိုင်ပွဲတွင် ပြိုင်ဆိုင်မှုပြင်းထန်မည့် နေရာဖြစ်သည်။ အဆိုပါ ပြည်နယ်လေးခုတွင် ၂၀၁၆ ရွေးကောက်ပွဲအတွင်းက ထရမ့်အနိုင်ရရှိသွားခဲ့သည်။ သို့သော် အများပြည်သူ စစ်တမ်းများအရ အဆိုပါပြည်နယ်များတွင် ထရမ့်၏အနေအထားက သိပ်မလှပေ။

နယူးယောက်မြို့တော်ဝန်ဟောင်း မိုက်ကယ်ဘလွန်းဘာ့ဂ်သည် သန်းပေါင်းများစွာသော ၎င်းပိုင်ငွေများကို ထည့်ဝင်ကာ ၂၀၁၈ လွှတ်တော်ရွေးကောက်ပွဲတွင် ဒီမိုကရက်များ အနိုင်ရစေရန် ကူညီဆောင်ရွက်ပေးခဲ့သည်။

ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲပါဝင်မည့် အရေအတွက်က များပြားလျက်ရှိကာ အဆိုပါ ပါတီတွင်းပြိုင်ပွဲသို့ မိုက်ကယ်ဘလွန်းဘာ့ဂ် ဝင်လာနိုင်ခြေမြင့်လျက်ရှိသည်။