- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
မြန်မာနှင့် စစ်ဘက်ဆက်ဆံရေး ဆိုင်းငံ့ရန် ဂျပန်အား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ တောင်းဆို
မြန်မာစစ်တပ်မှ ဗိုလ်လောင်းများကို စစ်သင်တန်း ပေးနေသည့် ဂျပန်အစိုးရအနေဖြင့် မြန်မာနှင့် စစ်ဘက်ဆက်ဆံရေးများ ဆိုင်းငံ့ပေးရန် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) က တနင်္လာနေ့တွင် တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၁
မြန်မာစစ်တပ်မှ ဗိုလ်လောင်းများကို စစ်သင်တန်း ပေးနေသည့် ဂျပန်အစိုးရအနေဖြင့် မြန်မာနှင့် စစ်ဘက်ဆက်ဆံရေးများ ဆိုင်းငံ့ပေးရန် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) က တနင်္လာနေ့တွင် တိုက်တွန်းလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“မြန်မာစစ်တပ်က လူထုအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်နေချိန်၌ ဂျပန်က မြန်မာဗိုလ်လောင်းများကို စစ်သင်တန်းပေးနေခြင်းအပေါ် အံ့သြမှင်သက်မိ” ကြောင်း HRW ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဂျပန်နှင့် မြန်မာသည် ပညာရေးဆိုင်ရာ အပြန်အလှန်ဖလှယ်ရေး အစီအစဉ်တစ်ရပ် ရှိထားပြီး အဆိုပါအစီအစဉ်အရ မြန်မာစစ်တပ်မှ ဗိုလ်လောင်း ၈ ဦးသည် ဂျပန်အမျိုးသားကာကွယ်ရေး သင်တန်းကျောင်းတွင် ပညာသင်ကြားလျက်ရှိသည်။
အဆိုပါဗိုလ်လောင်းများသည် ဂျပန်နိုင်ငံ၌ စစ်ရေးသင်တန်းအပြင် ထိုးစစ်နှင့် အခြေခံ စစ်ဆင်ရေး စီမံကွပ်ကဲရေးများကိုပါ သင်ကြားနေရခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီလမှ စတင်၍ ဂျပန်သည် ကူညီထောက်ပံ့မှုအသစ်များကို ရပ်တန့်ထားကာ မြန်မာစစ်တပ်ကိုလည်း အကြမ်းဖက်မှုများ ရပ်တန့်ရန် တောင်းဆိုထားသည်။ သို့သော်လည်း မြန်မာအပေါ် စီးပွားရေးပိတ်ဆို့မှုကဲ့သို့ ပိုမိုပြင်းထန်သော အရေးယူမှုများ ချမှတ်ရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသော အဖွဲ့များက ဂျပန်ကို တောင်းဆိုလျက်ရှိသည်။
ဂျပန်သည် မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံပံ့ပိုးရေးနှင့် တစ်ချိန်တည်းတွင် မြန်မာအပေါ် တရုတ်၏သြဇာ လွှမ်းမိုးမှုကို ပြန်လှန်ထိန်းညှိရေးကိုပါ ဟန်ချက်ချီအောင် ဆောင်ရွက်နေရကြောင်း လေ့လာသူများက ပြောကြသည်။
မြန်မာနှင့် ရှိထားသည့် မည်သည့် မဟာမိတ်ဆက်ဆံရေး ပုံစံမျိုးကိုမဆို ဖြတ်တောက်လိုက်ပါက တရုတ်အနေဖြင့် မြန်မာအပေါ် ပိုမိုခြေကုပ်မှု ရသွားမည် ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက မတ်လတွင် ရိုက်တာသတင်းဌာနကို ဖြေကြားခဲ့သည်။