၂၀၂၂ တွင် မြန်မာ့လူဦးရေ ထက်ဝက်ခန့် ဆင်းရဲမွဲတေမှုဒဏ် ခံရနိုင်ခြေရှိဟု UNDP သတိပေး

မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရသူ ပမာဏသည် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်အထိ မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က သတိပေးလိုက်သည်။

By Foreign Desk 30 Apr 2021

ဓာတ်ပုံ - The New York Times

DMG ၊ ဧပြီ ၃၀

မြန်မာနိုင်ငံ၌ ဆင်းရဲမွဲတေမှုဒဏ် ခံစားနေရသူ ပမာဏသည် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်အထိ မြင့်တက်လာနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က သတိပေးလိုက်သည်။

ဧပြီလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည့် UNDP အစီရင်ခံစာ၌ ယခုကဲ့သို့ သတိပေးဖော်ပြထားခြင်းဖြစ်သည်။

UNDP အစီရင်ခံစာအရ ဆိုလျှင် ကိုဗစ်-၁၉ ကပ်ဘေးကြီးနှင့်အတူ နိုင်ငံရေးအကျပ်အတည်းကြီးကိုပါ တစ်ပြိုင်တည်း ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတွင် ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဆင်းရဲမှုဒဏ်ခံစားနေရသူ ၂၅ သန်းခန့်အထိ ရှိလာနိုင်သည့်သဘောဖြစ်သည်။

ဆယ်စုနှစ်တစ်ခုစာ ဒီမိုကရေစီ အကူးအပြောင်းကာလတွင် ဖြစ်ထွန်းခဲ့သည့် တိုးတက်မှုများ အားလုံးသည် လပိုင်းအတွင်း ပျက်စီးဆုတ်ယုတ်လာနေကြောင်း UNDP ၏ အာရှနှင့် ပစိဖိတ် ဒေသတွင်းဒါရိုက်တာ ကန်နီဝီနာရာဂျာက ရိုက်တာသတင်းဌာနသို့ ပြောသည်။

နိုင်ငံ၏ အနေအထားသည် ၂၀၀၅ ခန့်က ရှိခဲ့သည့် ပုံစံသို့ ပြန်ရောက်သွားနိုင်ကြောင်းလည်း သူမက ဖြည့်စွက်ဖြေကြားသည်။

မြန်မာနိုင်ငံ၌ ၂၀၂၀ အတွင်း ကိုဗစ် ကပ်ဘေးကြောင့် ဝင်ငွေ ထက်ဝက်နီးပါးအထိ ကျဆင်းခဲ့သည့် အိမ်ထောင်စုပေါင်း ၈၃ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း UNDP ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆင်းရဲမွဲတေမှု သတ်မှတ်ချက်နှုန်းထား အောက်တွင် ရှိသည့် လူဦးရေပမာဏသည် ၂၀၂၀ ခုနှစ်တွင် လူမှုစီးပွား ရိုက်ခတ်မှုများကြောင်း ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။

ယခုနှစ်တွင် အရပ်သားအစိုးရ ဖြုတ်ချခံရမှု၊ လုံခြုံရေး ယိုယွင်းလာမှု၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ခြိမ်းခြောက်ခံရမှုတို့ကြောင့် ဆင်းရဲမွဲတေမှုနှုန်းသည် ထပ်တိုးမြင့်တက်လာနေပြီး လာမည့်နှစ် အစောပိုင်းတွင် ၁၂ ရာခိုင်နှုန်းအထိ ရှိသွားနိုင်ကြောင်း UNDP အစီရင်ခံစာက ဖော်ပြသည်။

လယ်ယာထုတ်ကုန်များ အပါအဝင် အများပြည်သူ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှုများနှင့် လူသုံးကုန်ပစ္စည်းများ၏ ကုန်စည်စီးဆင်းမှုသည်လည်း လုံခြုံရေး အခြေအနေကြောင့် အခက်အခဲများ ကြုံနေရသဖြင့် မြို့ကြီးများတွင် ဆင်းရဲမွဲတေမှု သုံးဆအထိ မြင့်တက်လာနိုင်ကြောင်း UNDP က သတိပေးထားသည်။