- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အရေးယူဒဏ်ခတ်မှုများ ရှိနေသော်လည်း အမေရိကန်သို့ မြန်မာ့ကျွန်းသစ် တင်ပို့မှု ရှိဆဲ
သစ်တင်ပို့မှှုများအတွက် ဥရောပသမဂ္ဂတွင် တင်းကြပ်သော စည်းကမ်းသတ်မှတ်ချက်များ ရှိသလို သစ်များ ထုတ်ယူလာရာ မူလနေရာများကိုလည်း စာရွက်စာတမ်းများနှင့် မှတ်တမ်းတင်ဖော်ပြရသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ သစ်တင်ပို့သူများသည် ထိုကဲ့သို့သော အချက်အလက်များနှင့် သစ်ကို တရားဝင် ခုတ်ယူထာခြင်း ဖြစ်ကြောင်း ပြသသည့် အချက်အလက်များလည်း ဖော်ပြကြခြင်း မရှိကြောင်း ဥရောပသမဂ္ဂရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများ၏ အစီရင်ခံစာများက ဖော်ပြကြကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
17 Jan 2022
DMG ၊ ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်မှုများ ချမှတ်ခဲ့သော်လည်း အမေရိကန်ကုမ္ပဏီများသည် မြန်မာ့ကျွန်းသစ်များကို တင်ပို့ရောင်းချနေကြဆဲဖြစ်ကြောင်း Justice for Myanmar အဖွဲ့က ထုတ်ပြန်သည့် အစီရင်ခံစာတစ်စောင်အရ သိရသည်။
အမေရိကန်ကုမ္ပဏီများသည် ပြီးခဲ့သော ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံမှ ကျွန်းသစ်တန်ချိန် ၁၆၀၀ နီးပါး တင်ပို့ခဲ့ကြောင်း ဇန်နဝါရီလ ၁၁ ရက် အင်္ဂါနေ့ကထုတ်ပြန်သည့် အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ၌ စစ်တပ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်းတွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ပပိုင်ဆိုင်မှု ပစ္စည်းထိန်းချုပ်ရေးရုံး (OFAC) သည် မြန်မာစစ်တပ်နှင့် စစ်တပ်နွယ်ကုမ္ပဏီများအား ပစ်မှတ်ထားအရေးယူမှုများ ဆောင်ရွက်ခဲ့သည်။ အဆိုပါကုမ္ပဏီများအနက် မြန်မာ့သစ်လုပ်ငန်းလည်း ပါဝင်သည်။
မြန်မာသစ်လုပ်ငန်းနှင့် ကုန်သွယ်မှုမပြုလုပ်ရန် တားမြစ်ချက်အား OFAC က ၂၀၂၁ ခုနှစ် ဧပြီလတွင် ကြေညာခဲ့သည်။ ဤတားမြစ်ချက်အရ အကျုံးဝင်သူ သို့မဟုတ် ကုမ္ပဏီများနှင့် အမေရိကန်နိုင်ငံသား သို့မဟုတ် အမေရိကန်ကုမ္ပဏီများသည် စီးပွားရေးအရ မည်သည့်ကုန်သွယ်မှုမျိုးမှ ပြုလုပ်ခွင့်မရှိပေ။
သို့သော်လည်း အမေရိကန်ကုမ္ပဏီများသည် ၂၀၂၁ ဖေဖော်ဝါရီလမှ နိုဝင်ဘာလအတွင်း သစ်တန်ချိန် ၁၆၀၀ နီးပါးအထိ တင်ပို့ခဲ့သည်ကို တွေ့ရကြောင်း Justice for Myanmar ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သောသစ်များအား မည်သို့ အသုံးပြုသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။
ကျွန်းသစ်များကို တင်ပို့မှု ၈၂ ကြိမ်အထိ ရှိခဲ့ပြီး အဆိုပါ တင်ပို့မှုများအတွင်း အဓိကအားဖြင့် သင်္ဘောတည်ဆောက်မှု၊ အဆောက်အအုံ ပြင်ပအလှဆင်မှုနှင့် ပရိဘောဂထုတ်လုပ်မှုများတွင် အသုံးပြုသည့် ကျွန်းသစ်ခွဲသားများနှင့် ပျဉ်ချပ်များ ပါဝင်ကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။
တင်ပို့သည့်ကုမ္ပဏီများသည် ကုန်သွယ်မှုကို ကြားခံပွဲစားများမှတစ်ဆင့် ဆောင်ရွက်ကာ အမေရိကန်၏ မြန်မာအပေါ် ပိတ်ဆို့မှုများကို ရှောင်ရှားလျက်ရှိကြောင်း အစီရင်ခံစာက ဆိုသည်။
ယခုထက် ပိုမိုများပြားသော ကျွန်းသစ်များသည် အမေရိကန်ပြည်ထောင်စုသို့ တရုတ်ပြည်မှတစ်ဆင့် တင်သွင်းမှုများ ရှိနေနိုင်ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ပုဂ္ဂလိကကုမ္ပဏီများ သစ်တင်ပို့ရောင်းချခွင့်ကို ၂၀၀၆ ခုနှစ်တွင် စတင်ခွင့်ပြုခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ကျွန်းသစ်အလုံးလိုက် တင်ပို့ရောင်းချမှုကို တားမြစ်ခဲ့သည်။ ကျွန်းသစ်တင်ပို့မှုများအတွက် အထူးခွင့်ပြုချက်ရမှ ဆောင်ရွက်ခွင့်ရှိသည်။
သို့သော်လည်း နယ်စပ်မှတစ်ဆင့် ကျွန်းသစ်ခိုးထုတ် ရောင်းချမှုများမှာ အများအပြားရှိနေဆဲ ဖြစ်သည်။ ကျွန်းသစ်များသည် မြန်မာနိုင်ငံမှသာ တိုက်ရိုက်တင်ပို့မှုရှိပြီး အရှေ့ဥရောပ၊ ထိုင်ဝမ်နှင့် ထိုင်းနိုင်ငံတို့မှ မထွက်ရှိကြောင်း ကမ္ဘာ့ကုန်သွယ်ရေး အချက်အလက်များ ဖော်ပြသည့် Panjiva အဖွဲ့မှ အချက်အလက်များအရ သိရသည်။
ဥရောပသမဂ္ဂကလည်း အလားတူတားမြစ်ချက်များကို ၂၀၂၁ ခုနှစ် ဇွန်လတွင် ချမှတ်ခဲ့သည်။
သစ်တင်ပို့မှှုများအတွက် ဥရောပသမဂ္ဂတွင် တင်းကြပ်သော စည်းကမ်းသတ်မှတ်ချက်များ ရှိသလို သစ်များ ထုတ်ယူလာရာ မူလနေရာများကိုလည်း စာရွက်စာတမ်းများနှင့် မှတ်တမ်းတင်ဖော်ပြရသည်။ သို့သော်လည်း မြန်မာနိုင်ငံမှ သစ်တင်ပို့သူများသည် ထိုကဲ့သို့သော အချက်အလက်များနှင့် သစ်ကို တရားဝင် ခုတ်ယူထာခြင်း ဖြစ်ကြောင်း ပြသသည့် အချက်အလက်များလည်း ဖော်ပြကြခြင်း မရှိကြောင်း ဥရောပသမဂ္ဂရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများ၏ အစီရင်ခံစာများက ဖော်ပြကြကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံမှ သစ်တင်ပို့မှုအားလုံးကို တားမြစ်ပေးရန် Justice for Myanmar အဖွဲ့က တောင်းဆိုသည်။
“တရားမဝင်စစ်ကောင်စီဆီ နောက်ထပ် အခွန်ဝင်ငွေတွေ ရောက်နေတာကို ကာကွယ်ဖို့အတွက် မြန်မာ့သစ်တင်သွင်းမှု အားလုံးကို ပိတ်ပင်ဖို့ အမေရိကန်အစိုးရကို ကျွန်မတို့ တောင်းဆိုပါတယ်” ဟု Justice for Myanmar အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် မရတနာမောင်က ပြောကြားသည်။
မြန်မာနိုင်ငံသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း သစ်တင်ပို့မှုမှ အကျိုးအမြတ်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ နီးပါးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သစ်တောဌာန၏ဝင်ငွေသည် ဒေါ်လာ ၃၂၂ သန်းရှိခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ စောင့်ကြည့်အဖွဲ့တစ်ဖွဲ့ ဖြစ်သော Extractive Industries Transparency Initiative အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြန်မာသည် သစ်လုပ်ငန်းအပြင် ကျောက်မျက်ရတနာနှင့် ရွှေတူးဖော်သည့် လုပ်ငန်းများမှလည်း ဝင်ငွေအမြောက်အများ ရရှိနေပြီး ထိုလုပ်ငန်းများကို အဓိကဆောင်ရွက်နေကြသည်မှာ စစ်တပ်ဆက်နွယ်သည့် ကုမ္ပဏီများဖြစ်သဖြင့် မြန်မာစစ်တပ်သည်လည်း ထိုကုမ္ပဏီများမှတစ်ဆင့် အကျိုးအမြတ်များ ရရှိလျက်ရှိသည်။
မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချပြီး အာဏာရယူခဲ့သည်။
စစ်တပ်အာဏာသိမ်းချိန်မှ လက်ရှိအချိန်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ဖြင့် သေဆုံးသူ အရပ်သားစုစုပေါင်း ၁၄၀၀ ဝန်းကျင် ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။
“မြန်မာနိုင်ငံကသစ်တွေကို ဆက်ပြီး ရောင်းဝယ်ကုန်သွယ်နေတာက ကလေးသူငယ်တွေကို အဆင်ခြင်မဲ့သတ်ဖြတ်တာတွေ အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အရေးယူမခံရဘဲ အလုံးစုံ လွတ်လွတ်ကင်းကင်းနဲ့ ကျူးလွန်နေတဲ့ တရားမဝင်စစ်ကောင်စီကို ပံ့ပိုးပေးနေတာပါ” ဟု မရတနာမောင်က ပြောသည်။
ပြီးခဲ့သည့်နှစ် ဇွန်လတွင် ပြုလုပ်ခဲ့သည့် ကျွန်းသစ်လေလံတင်ရောင်းချပွဲ တစ်ခုတွင် မြန်မာစစ်တပ်သည် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက်က ဖမ်းဆီးထားသည့် သစ်များအနက် တန်ချိန် ၁၀၃၀၀ ခန့်ကို ရောင်းချခဲ့ပြီး ဝင်ငွေ ဒေါ်လာ ၅ သန်းခန့် ရရှိခဲ့ကြောင်း ပြည်တွင်းသတင်း တစ်ရပ်ကို ကိုးကားပြီး အေပီသတင်းက ဖော်ပြသည်။
“ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထိရောက်ဖို့အတွက် အသက်ဝင်အောင်လုပ်ရပါမယ်။ မြန်မာ့သစ်လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက်ပိုင်း အမေရိကန်ရဲ့ မြန်မာနိုင်ငံက သစ်တင်သွင်းမှုတွေကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ OFAC ကို ကျွန်မတို့တောင်းဆိုပါတယ်” ဟု မရတနာမောင်က ပြောကြားကြောင်း Justice for Myanmar ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
စောသန္တာအေး
ကိုးကား - AFP, AP, Justice for Myanmar