- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဥရောပတခွင် လက်နက်ဝယ်ယူမှု အထူးမြင့်တက်
ရုရှား၏ခြိမ်းခြောက်မှုများကြားတွင် လတ်တလော လက်နက်ပြန်လည်တပ်ဆင်ရေး ကတိကဝတ်များကို အရှိန်အဟုန်မြင့်စေသည့် ခေတ်ရေစီးကြောင်းသစ်တစ်ခုအဖြစ် ဥရောပသည် ပြီးခဲ့သည့် ၅ နှစ်အတွင်း ကမ္ဘာ့လက်နက်တင်သွင်းမှု အများဆုံးနေရာ ဖြစ်လာခဲ့ကြောင်း SIPRI မှ ထုတ်ပြန်သည့် လေ့လာမှုတစ်ခုအရ သိရသည်။
17 Mar 2022
DMG | မတ် ၁၇
ရုရှား၏ခြိမ်းခြောက်မှုများကြားတွင် လတ်တလော လက်နက်ပြန်လည်တပ်ဆင်ရေး ကတိကဝတ်များကို အရှိန်အဟုန်မြင့်စေသည့် ခေတ်ရေစီးကြောင်းသစ်တစ်ခုအဖြစ် ဥရောပသည် ပြီးခဲ့သည့် ၅ နှစ်အတွင်း ကမ္ဘာ့လက်နက်တင်သွင်းမှု အများဆုံးနေရာ ဖြစ်လာခဲ့ကြောင်း SIPRI မှ ထုတ်ပြန်သည့် လေ့လာမှုတစ်ခုအရ သိရသည်။
လက်နက်တင်ပို့မှုသည် ၂၀၁၇-၂၀၂၁ ခုနှစ်ပိုင်းတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၄.၆ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ဥရောပတွင်မူ လွန်ခဲ့သည့်ငါးနှစ်အတွင်း ၁၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
"ဥရောပက သိသာထင်ရှားတဲ့ အန္တရာယ်ဇုန်သစ်ပါ" ဟု နှစ်ပတ်လည် အစီရင်ခံစာများ ဆယ်စုနှစ်သုံးခုကျော် ပူးတွဲရေးသားခဲ့သူ ဆီမွန်ဝီဇီမန်းက အေအက်ဖ်ပီသို့ ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ စစ်အသုံးစရိတ်က နည်းနည်းလေးတင်မကဘဲ အများကြီး တိုးသွားမှာပါ။ ကျွန်တော်တို့ လက်နက်သစ်တွေ အများကြီးလိုပါတယ်။ ဒီထဲကအများစုက ပြည်ပကတင်သွင်းမှာပါ" ဟု အကြီးတန်း သုတေသီက ပြောသည်။ အများစုသည် အခြားဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့မှ လာနိုင်ဖွယ်ရှိကြောင်း အကြီးတန်းသုတေသီက ဆက်လက်ပြောကြားသည်။
ဂျာမနီဆိုလျှင် ဒိန်းမတ်နှင့် ဆွီဒင်နိုင်ငံများကဲ့သို့ပင် ၎င်း၏ စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် အစီအစဉ်များကို ကြေညာထားပြီးဖြစ်သည်။
ယူကရိန်းနိုင်ငံအပေါ် ရုရှား၏ ကျူးကျော်မှုကြောင့် တုန်လှုပ်ခြောက်ခြားခဲ့ကြသော ဥရောပနိုင်ငံများသည် American F-35 ကဲ့သို့ တိုက်လေယာဉ်များ၊ ဒုံးကျည်၊ အမြောက်နှင့် အခြားလက်နက်ကြီးများဖြင့် ၎င်းတို့၏ စစ်အင်အားကို ဖြည့်တင်းကြမည်ဟု ယူဆရသည်။
"ဒီလိုကိစ္စတွေက အချိန်နည်းနည်းယူရပါတယ်။ လုပ်ငန်းစဉ်အတိုင်း လုပ်သွားရမယ်၊ ဆုံးဖြတ်ရမယ်၊ အမိန့်ပေးရမယ်၊ ထုတ်လုပ်ရမယ်။ အနည်းဆုံး နှစ်နှစ်လောက်တော့ ကြာတတ်တယ်" ဟု ဝီဇီမန်းက ပြောကြားသည်။
ယခုကဲ့သို့ လက်နက်ပြန်လည်တပ်ဆင်သည့် ခေတ်ရေစီးကြောင်းသစ်သည် ရုရှားက ၂၀၁၄ တွင်ခရိုင်းမီးယားကို သိမ်းယူပြီးနောက်ပိုင်း အမှန်တကယ် စတင်ခဲ့ကာ ယခုအခါတွင် လက်တွေ့မြင်နိုင်သော အကျိုးဆက်များရှိနေပြီ ဖြစ်ကြောင်းလည်း ဝီဇီမန်းကပြောကြားသည်။
ကမ္ဘာလုံးဆိုင်ရာ လက်နက်ကုန်သွယ်ရေး၌ ဥရောပတိုက်အတွင်း ရောင်းဝယ်သည့် ပမာဏသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ၁၀ မှ ၁၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး ဤပမာဏသည် “သိသိသာသာ” တိုးလာဦးမည်ဟုလည်း ဆီမွန်ဝီဇီမန်း၏ပြောကြားချက်အရ သိရသည်။
လက်နက်ရောင်းဝယ်မှုစာချုပ်များ၏ ထင်သာမြင်သာမရှိသော သဘောသဘာဝနှင့် ငွေပေးချေမှုမရှိသည့် လက်နက်လှူဒါန်းမှုများကြောင့် ကမ္ဘာ့လက်နက်ကုန်သွယ်မှုကို ကိန်းဂဏန်းအတိအကျဖော်ပြရန် ခက်ခဲသည်။ သို့သော်လည်း ကျွမ်းကျင်သူများက နှစ်စဉ် ကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၁၀၀ ဘီလျံ (ယူရို ၉၁ ဘီလျံ) နီးပါးရှိသည်ဟု ခန့်မှန်းကြသည်။
SIPRI ၏ အဆိုအရ ပြီးခဲ့သည့် ငါးနှစ်အတွင်း အာရှနှင့် အိုရှန်းနီးယား နိုင်ငံများသည် အဓိက လက်နက်တင်သွင်းသည့် ဒေသများအဖြစ် ရှိခဲ့ပြီး လက်နက်လွှဲပြောင်းမှုစုစုပေါင်း၏ ၄၃ ရာခိုင်နှုန်းမှာ အဆိုပါဒေသမှဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး လက်နက်တင်သွင်းသည့်နိုင်ငံများအနက် ခြောက်နိုင်ငံမှာလည်း အဆိုပါအဒေသမှဖြစ်ပြီး အိန္ဒိယ၊ သြစတြေးလျ၊ တရုတ်၊ တောင်ကိုရီးယား၊ ပါကစ္စတန်နှင့် ဂျပန်တို့ ဖြစ်ကြသည်။
ကမ္ဘာ့လူဦးရေအများဆုံးဒေသသို့ လက်နက်တင်သွင်းမှုသည် လွန်ခဲ့သည့်ငါးနှစ်အတွင်း ငါးရာခိုင်နှုန်းခန့် ကျဆင်းသွားသော်လည်း အရှေ့အာရှတွင်မူ ၂၀ ရာခိုင်နှုန်း မြင့်တက်ခဲ့သလို အိုရှန်းနီးယားဒေသများတွင်လည်း ၅၉ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက်ခဲ့သည်။
"တရုတ်နိုင်ငံနှင့် အာရှ၊အိုရှန်းနီးယားနိုင်ငံများ အကြား တင်းမာမှုများသည် ဒေသတွင်း လက်နက်တင်သွင်းမှု၏ အဓိက မောင်းနှင်အားဖြစ်သည်" ဟု အစီရင်ခံစာ ရေးသားသူများက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လင်းစုကို
ရည်ညွှန်း - Europe new 'hotspot' for arms imports, AFP