ကိုဗစ်ကူးစက်မှု ထိန်းချုပ်ရေး ဒိန်းမတ်တွင် မြွေပါတစ်သန်းကျော် သုတ်သင်မည်

ဒိန်းမတ်တွင် မြွေပါမွေးမြူရေးစခန်းများရှိ မြွေပါများအကြား ကိုဗစ်ရောဂါ ကူးစက်နှုန်း အလွန်အမင်း မြင့်တက်လာသဖြင့် မြွေပါကောင်ရေ တစ်သန်းကျော်အထိ သုတ်သင်သွားရန် အစိုးရက အမိန့်ထုတ်ပြန်လိုက်သည်။

By Foreign Desk 15 Oct 2020

(ဓာတ်ပုံ - CNN)

ဒိန်းမတ်တွင် မြွေပါမွေးမြူရေးစခန်းများရှိ မြွေပါများအကြား ကိုဗစ်ရောဂါ ကူးစက်နှုန်း အလွန်အမင်း မြင့်တက်လာသဖြင့် မြွေပါကောင်ရေ တစ်သန်းကျော်အထိ သုတ်သင်သွားရန် အစိုးရက အမိန့်ထုတ်ပြန်လိုက်သည်။

လတ်တလော ရောဂါပိုးပြန့်ပွားမှုသည် မြောက်ပိုင်းဂျက်လန်းပြည်နယ်ရှိ မြွေပါမွေးမြူရေးခြံနှင့် ဆက်စပ် နေသည့် လူတစ်ဦး ဇွန်လနှောင်းပိုင်းတွင် ရောဂါပိုး ကူးစက်ခံရခြင်းမှ စတင်ခဲ့သည်ဟု ယူဆရကြောင်း အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဝန်ကြီးဌာန၊ ပြည်ပစိုက်ပျိုးရေးဝန်ဆောင်မှုဌာနခွဲမှ ရေးသားသည့် အစီရင်ခံစာအရ သိရသည်။

ဒိန်းမတ် လူနာစောင့်ရှောက်ရေး အာဏာပိုင်သည် ထိုမွေးမြူရေးခြံရှိ တိရစ္ဆာန် ၃၄ ကောင်၏ ဓာတ်ခွဲနမူနာ ရယူခဲ့ပြီးနောက် မြွေပါများတွင် ရောဂါပိုးပျံ့နှံ့နေကြောင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသည်ဟု သံသယရှိသော သို့မဟုတ် ကူးစက်ခံရသော ကောင်ရေအုပ်စု သို့မဟုတ် မွေးမြူရေးခြံများ၏ ငါးမိုင်အတွင်းရှိ မြွေပါမွေးမြူရေးခြံများအား သုတ်သင်ရှင်းလင်းရမည်ဖြစ်ကြောင်း ဒိန်းမတ်အစား အသောက်၊ စိုက်ပျိုးရေးနှင့် ငါးမွေးမြူရေးဝန်ကြီး မော်ဂန်ဂျန်ဆင် ကဆိုသည်။

“အစိုးရအနေနဲ့ ဒီလိုဆုံးဖြတ်ချက်ချရတာ ခက်ခဲမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ အပြည့်အဝ ထောက်ခံပါတယ်။” ဟု ဒိန်းမတ်မြွေပါမွေးမြူရေးအသင်း ဥက္ကဋ္ဌ တက်ဂ်ပက်ဒါဆင် ကပြောသည်။

မြွေပါမွေးမြူသူများသည် မြွေပါအုပ်စုလိုက် ဆုံးရှုံးရမှုအတွက် လျော်ကြေးငွေများအပြင် လုပ်ငန်းလည်ပတ် စရိတ် ဆုံးရှုံးမှုများအတွက်ပါ နစ်နာကြေးများရရှိမည်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့် နောက် ယူတားနှင့် ဝင်ကန်ဆင်ရှိ ဝေးလံခေါင်သီသည့် မြွေပါသားမွေး မွေးမြူသည့်ခြံများတွင် ထောင်ပေါင်းများစွာသော အဆိုပါအမြီးရှည်မြွေပါများ သေဆုံးခဲ့ကြောင်း အောက်တို ဘာလ ၉ ရက် နေ့တွင် သတင်းရရှိခဲ့သည်။

ဗိုင်းရပ်သည် မြွေပါများတွင်လျင်မြန်စွာပျံ့နှံ့လာပြီး ရောဂါ ကူးစက်ခံရသည့် မြွေပါများစွာသည် နောက်ရက်တွင် သေလုမျောပါးဝေဒနာ ခံစားရသည်ကို တွေ့ရသည်။ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါသည် အခြားသော တိရစ္ဆာန်များကို ထိခိုက်မှုမရှိသော်လည်း အချို့မျိုးစိတ်များ အတွက် ပြင်းထန်စွာထိခိုက်ခံစားရစေသည့် အကြောင်းအရင်းကို ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။