မြန်မာနှင့် အာရှနိုင်ငံအချို့၏ ကိုဗစ်ကူးစက်မှု အခြေအနေ

မြန်မာ့အိမ်နီးချင်း နိုင်ငံများအနက် ထိုင်းနိုင်ငံတွင် ဇူလိုင်လ ၂၆ ရက်နေ့၌ ပိုးတွေ့အရေအတွက် စံချိန်တင် တွေ့ရှိခဲ့ပြီး တစ်သောင်းခွဲဝန်းကျင် ရှိခဲ့သည်။

27 Jul 2021

ဓာတ်ပုံ - Reuters

DMG ၊ ဇူလိုင် ၂၇

မြန်မာ့အိမ်နီးချင်း နိုင်ငံများအနက် ထိုင်းနိုင်ငံတွင် ဇူလိုင်လ ၂၆ ရက်နေ့၌ ပိုးတွေ့အရေအတွက် စံချိန်တင် တွေ့ရှိခဲ့ပြီး တစ်သောင်းခွဲဝန်းကျင် ရှိခဲ့သည်။

ထိုင်းအစိုးရသည် ပြီးခဲ့သော သီတင်းပတ်၌  ဘန်ကောက်အပါအဝင် ကူးစက်မှု မြင့်တက်လာနေသည့် ခရိုင် ၁၂ ခုတွင် ပိုမိုတင်းကြပ်သည့် လော့ဒေါင်းစည်းကမ်းများ ချမှတ်ခဲ့သလို ပြည်တွင်း လေကြောင်းခရီးစဉ် အများအပြားကိုလည်း ဆိုင်းငံ့ခဲ့သည်။

မလေးရှားနိုင်ငံတွင် ဇူလိုင်လ ၂၅ ရက်နေ့၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်မှုစုစုပေါင်း ၁၇၀၄၅ ရှိခဲ့သည်။ မလေးရှားတွင် အစိုးရသည် ပြီးခဲ့သော ဇွန်လမှစတင်ကာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်ထိန်းချုပ်ရေး လော့ဒေါင်းများ ချမှတ်ကာ ကပ်ဘေးကို ကိုင်တွယ် ဖြေရှင်းလျက်ရှိသည်။

မလေးရှားတွင် တနင်္လာနေ့က ကန်ထရိုက်စာချုပ်ဖြင့် လုပ်ကိုင်နေသည့် ဆရာဝန် ထောင်နှင့်ချီ လမ်းထွက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရေး၊ လစာနှင့် အကျိုးခံစားခွင့်များ တိုးမြှင့်ပေးရေးတို့ တောင်းဆိုခဲ့ကြသည်။

အာရှဒေသတွင် လူဦးရေ အထူထပ်ဆုံး ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် အရှေ့တောင်အာရှတွင် ကိုဗစ်ဒဏ်ကို အဆိုးဆုံး ရင်ဆိုင်နေရသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း သေဆုံးမှုပမာဏသည် လေးရက်ဆက်တိုက် စံချိန်တင် မြင့်တက်ခဲ့ပြီး ဇူလိုင် ၂၃ ရက် သောကြာနေ့တွင် သေဆုံးသူ ၁၅၆၆ ဦးအထိ ရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင်လည်း တစ်ကျော့ပြန် ကူးစက်မှုများ ရင်ဆိုင်နေရသည်။ ဗီယက်နမ် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဇူလိုင်လ ၂၅ ရက်နေ့တွင် ကူးစက်မှုစုစုပေါင်း ၇၅၃၁ ဦး ရှိသည်။

မြန်မာနိုင်ငံတွင်လည်း ပြီးခဲ့သော ဇွန်လမှ စတင်ကာ ကူးစက်မှုများ ပြန်လည် မြင့်တက်လာနေသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇူလိုင် ၂၆ ရက်နေ့ ညပိုင် ထုတ်ပြန်ချက်အရ ရှေ့ပိုင်း ၂၄ နာရီအတွင်း အတည်ပြုလူနာသစ် ၄၆၃၀ ဦးရှိပြီး သေဆုံးသူ ၃၉၆ ဦးရှိသည်။ တနင်္လာနေ့တွင် ရောဂါသက်သာပြီး ဆေးရုံဆင်းခွင့်ရသူ ၄၃၂၇ ဦးရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဓာတ်ခွဲစစ်ဆေးမှု စုစုပေါင်း ၃ သန်းကျော် ပြုလုပ်ခဲ့ရာ ပိုးတွေ့ ၂၇၄၁၅၅၊ သေဆုံးသူ ၇၅၀၇ ရှိကာ ပြန်လည်သက်သာလာသူ ၁၈၉၇၂၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဖိလစ်ပိုင်တွင် အာဏာပိုင်များသည် ယခုသီတင်းပတ်အတွင်း မလေးရှားနှင့် ထိုင်းနိုင်ငံမှ ခရီးသွားလာမှုကို ဆိုင်းငံ့လိုက်သလို မြို့တော်မနီလာ တစ်ဝိုက်တွင်လည်း ကန့်သတ်ချက်များ ချမှတ်ကာ တင်းကြပ်ထားသည်။