- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကိစ္စ နေတိုးအဖွဲ့ အရေးပေါ်အစည်းအဝေး ထိုင်သင့်သည်ဟု ရုရှားပြော
Nord Stream ဓာတ်ငွေ့ပိုက်လိုင်းသည် ရုရှားမှ ဓာတ်ငွေ့များအား ဂျာမနီသို့ ပို့ပေးနေသည့်ပိုက်လိုင်း ဖြစ်သည်။
13 Feb 2023
စက်တင်ဘာလအတွင်းက Nord Stream ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုကိစ္စနှင့် ပတ်သက်၍ လတ်တလောတွေ့ရှိချက်များအတွက် နေတိုးအဖွဲ့အနေဖြင့် အရေးအပေါ်အစည်းအဝေး တစ်ရပ်စီစဉ်ကာ ဆွေးနွေးသင့်သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ မာရီယာဇာခါရိုဗာက စနေနေ့နှောင်းပိုင်းတွင် ပြောကြားလိုက်သည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ညွှန်ကြားမှုဖြင့် အမေရိကန်ရေတပ်မှ ရေငုပ်သမားများသည် အဆိုပါပိုက်လိုင်းအား ဖောက်ခွဲခဲ့သည်ဟု သတင်းထောက်တစ်ဦးဖြစ်သူ ဆီမွားဟက်ရှ်က ဗုဒ္ဓဟူးနေ့တွင် ရေးသားခဲ့သည်။ ဆီမွားဟက်ရှ်သည် ၁၉၇၀ ခုနှစ်တွင် ပူလစ်ဇာဆု ဆွတ်ခူးခဲ့သော သတင်းသမားတစ်ဦး ဖြစ်သည်။ လျှို့ဝှက်သတင်းရင်းမြစ် တစ်ရပ်ကို ကိုးကားပြီး ၎င်း၏ ဘလော့ပေါ်၌ ယခုကဲ့သို့ ရေးသားလိုက်ခြင်း ဖြစ်သည်။
“အချက်အလက်တွေက လိုတာထက်ကို ပိုရှိနေပါတယ်။ ပိုက်လိုင်း ပေါက်ကွဲတာ၊ ဒီလိုဖြစ်အောင် လုပ်ဖို့ တွန်းအား၊ သတင်းထောက်တွေ ရရှိထားတဲ့ ယုံကြည်ရလောက်တဲ့ အထောက်အထား” ဟု ဇာခါရိုဗာက တယ်လီဂရမ်ပေါ်၌ ရေးသားခဲ့သည်။
“ဆိုတော့ကာ ဒီအချက်တွေကို သုံးသပ်ဖို့ နေတိုးအဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေးက ဘယ်တော့ ကျင်းပမှာလဲ” ဟု သူကဆိုသည်။
ဇာခါရိုဗာ၏ ပြောကြားချက်အပေါ် နေတိုးဘက်က တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။
Nord Stream ဓာတ်ငွေ့ပိုက်လိုင်းသည် ရုရှားမှ ဓာတ်ငွေ့များအား ဂျာမနီသို့ ပို့ပေးနေသည့်ပိုက်လိုင်း ဖြစ်သည်။
၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက ပိုက်လိုင်းပေါက်ကွဲသွားသည့် နေရာသည် ဆွီဒင်နှင့် ဒိန်းမတ်၏ အထူးစီးပွားရေးဇုန်များ တည်ရှိသည့် ရေပြင်ဧရိယာအတွင်း၌ ဖြစ်သည်။ အဆိုပါပိုက်လိုင်းသည် တမင်ရည်ရွယ်ပြီး ဖောက်ခွဲခံရခြင်းဟု ထိုစဉ်က မှတ်ချက်ချထားသော်လည်း မည်သူ့လက်ချက် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
အိမ်ဖြူတော်ကမူ ပိုက်လိုင်းပေါက်ကွဲမှု၏ နောက်ကွယ်တွင် အမေရိကန်ပြည်ထောင်စု ရှိနေသည်ဆိုသော ဆီမွားဟက်ရှ်၏ ရေးသားချက်သည် “လုံးဝမှားယွင်းပြီး စိတ်ကူးယဉ်ရေးသားမှုသက်သက်” သာဖြစ်သည်ဟု တုံ့ပြန်ပြောကြားသည်။
ပိုက်လိုင်းပေါက်ကွဲမှုအား အမေရိကန်ပြည်ထောင်စုနှင့် နေတိုးအဖွဲ့တို့က “အဖျက်အမှောင့်လုပ်ရပ်” ဟု ခေါ်ဆိုပြောကြားခဲ့သည်။ မော်စကိုကလည်း ပေါက်ကွဲမှုနှင့် ပတ်သက်၍ အနောက်ကို အပြစ်တင်ခဲ့သည်။ သို့သော်လည်း နှစ်ဘက်လုံးသည် သက်သေတစ်စုံတစ်ရာ ထုတ်ဖော်ပြသခဲ့ခြင်း မျိုးတော့ မရှိခဲ့ပေ။