- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
နယ်သာလန်တွင် ကိုဗစ်ကူးစက်မှု မြင့်တက်လာသဖြင့် လော့ဒေါင်းစည်းကမ်းများ ပြန်လည်ချမှတ်
ကိုဗစ်ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာနေသည့် နယ်သာလန်နိုင်ငံတွင် စနေနေ့မှစတင်၍ တစ်စိတ်တစ်ပိုင်း လော့ဒေါင်းစည်းကမ်းများ ပြန်လည်ချမှတ်တော့မည် ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Nov 2021
DMG ၊ နိုဝင်ဘာ ၁၃
ကိုဗစ်ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာနေသည့် နယ်သာလန်နိုင်ငံတွင် စနေနေ့မှစတင်၍ တစ်စိတ်တစ်ပိုင်း လော့ဒေါင်းစည်းကမ်းများ ပြန်လည်ချမှတ်တော့မည် ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နိုင်ငံတစ်ဝန်း၌ သောကြာနေ့ရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၁၆၀၀၀ အထိ ရှိခဲ့ပြီး ၂၀၂၀ ဒီဇင်ဘာတွင် စံချိန်တင်ခဲ့သည့် တစ်ရက်တည်းကူးစက်မှု အရေအတွက် ၁၃၀၀၀ ကို ကျော်လွန်သွားပြီဖြစ်သည်။
ယခု ချမှတ်လိုက်သည့် လော့ဒေါင်းစည်းကမ်းများသည် သီတင်းသုံးပတ် ကြာမြင့်မည် ဖြစ်သည်။
စနေနေ့ စတင်အသက်ဝင်မည့် တစ်စိတ်တစ်ပိုင်း တားမြစ်ချက်များအရ စားသောက်ဆိုင်များ၊ ဘားများနှင့် ဈေးဆိုင်များကို စောစောပိတ်သိမ်းရမည် ဖြစ်ပြီး အားကစားပွဲများကိုလည်း ပရိသတ်မပါဘဲ ကျင်းပရမည် ဖြစ်သည်။
အချင်းချင်း ခပ်ခွာခွာနေရမည့် စည်းကမ်းများကိုလည်း ပြန်လည်ချမှတ်မည် ဖြစ်သလို ကိုဗစ်ထိန်းချုပ်မှု ထိရောက်စေရန်အတွက် နေအိမ်များတွင် ဧည့်သည်အရေအတွက်ကို လေးဦးထက် ပိုလက်မခံရန် အစိုးရက အကြံပြုထားသည်။
ကဖီးဆိုင်များနှင့် နိုက်ကလပ်များသည် စနေနေ့မှစတင်၍ ညနေ ၈ နာရီကို နောက်ဆုံးထား ပိတ်သိမ်းရမည် ဖြစ်သည်။
နယ်သာလန်အစိုးရသည် ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုနှုန်းကို မြှင့်တင်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ကန့်သတ်ချက်များကို လျှော့ချနိုင်မည်ဟု မျှော်လင့်ထားသည်။ သို့သော်လည်း တဟုန်ထိုး မြင့်တက်လာသည့် ကူးစက်မှုများကြောင့် ယခုကဲ့သို့ ကန့်သတ်ချက်များ ကြေညာရခြင်းသည် အစိုးရပိုင်းတွင် မူဝါဒရေးရာ အပြောင်းအလဲကြီး ဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
နယ်သာလန်နိုင်ငံတွင် ကိုဗစ်ကပ်ဘေးစတင်ချိန်မှ လက်ရှိအထိ ကူးစက်မှုစုစုပေါင်း ၂.၂၇ သန်းရှိကာ သေဆုံးသူ ၁၈၆၉၅ ဦးရှိသည်။ နိုင်ငံတွင်း အရွယ်ရောက်ပြီးသူ ၈၅ ရာခိုင်နှုန်းအထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားပြီးဖြစ်သည်။
လတ်တလောတွင် နယ်သာလန်သာမကဘဲ အခြား ဥရောပနိုင်ငံများတွင်လည်း ကိုဗစ်ကူးစက်မှုများ မြင့်တက်လျှက်ရှိသည်။ ဆောင်းရာသီသို့ ကူးပြောင်းတော့မည့်အချိန်၌ ဥရောပသည် ကိုဗစ်ကူးစက်မှု ဗဟိုချက်မအဖြစ်သို့ တစ်ကျော့ပြန် ကျရောက်နိုင်ခြေ ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးထားသည်။
ဂျာမနီကလည်း နိုင်ငံတွင်း စတုတ္ထမြောက် ကိုဗစ်လှိုင်းသည် လတ်တလောတွင် အားပျော့သွားဖွယ် မရှိကြောင်း ပြောကြားထားသည်။ နော်ဝေနိုင်ငံတွင်လည်း ဒေသန္တရ ကိုဗစ်စည်းကမ်းများ ပြန်လည် စတင်နေပြီ ဖြစ်သလို သြစထရီးယား နိုင်ငံသည်လည်း ကိုဗစ်ကာကွယ်ဆေး မထိုးရသေးသူများအား အိမ်တွင်း၌သာ နေထိုင်ရမည့် အမိန့်ထုတ်ပြန်ရန် ဆွေးနွေးလျက်ရှိကြောင်း သတင်းဌာနများ၏ ဖော်ပြချက်များအရ သိရသည်။