- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်တွင်ပျံ့နှံ့နေသည့် ရောဂါဆန်းကြောင့် သေဆုံးသူ ၃ ဦးရှိပြီ
တရုတ်တွင် ဆားစ်နှင့် ဆင်တူသည့် ကိုရိုနာရောဂါပိုးအသစ်ကြောင့် သေဆုံးသူ သုံးဦးရှိသွားပြီဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။ စနေနှင့် တနင်္ဂနွေ နှစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ ၁၃၆ ဦးအထိ ရှိကြောင်းလည်း ဝူဟန်အာဏာပိုင်များက အတည်ပြုထားသည်။
20 Jan 2020
တရုတ်တွင် ဆားစ်နှင့် ဆင်တူသည့် ကိုရိုနာရောဂါပိုးအသစ်ကြောင့် သေဆုံးသူ သုံးဦးရှိသွားပြီဟု တရုတ်အာဏာပိုင်များက ပြောကြားလိုက်သည်။ စနေနှင့် တနင်္ဂနွေ နှစ်ရက်အတွင်း ရောဂါဖြစ်ပွားသူ ၁၃၆ ဦးအထိ ရှိကြောင်းလည်း ဝူဟန်အာဏာပိုင်များက အတည်ပြုထားသည်။
ရောဂါဖြစ်ပွားမှုသည် ယခင်က တရုတ်ပြည်အလယ်ပိုင်း ဝူဟန်မြို့တွင်သာ ရှိခဲ့ရာမှ ဘေကျင်းနှင့် ရှန်ကျန်းမြို့များတွင်ပါ တွေ့ရှိခဲ့ရသည်။
ထိုင်းနိုင်ငံတွင်လည်း အဆိုပါရောဂါဖြစ်ပွားနေသူ နှစ်ဦး တွေ့ရှိရပြီး ဂျပန်တွင်လည်း တစ်ဦးတွေ့ရှိထားသည်။ သုံးဦးလုံးသည် ဝူဟန်သို့ အလည်အပတ်သွားရောက်ပြီး ပြန်ရောက်လာသူများဖြစ်သည်။
လက်ရှိအချိန်ထိ အဆိုပါရောဂါဖြစ်ပွားကြောင်း တွေ့ရှိရသူ ၂၀၁ ဦးရှိသွားပြီဖြစ်ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရောဂါဖြစ်ပွားမှုသည် လူလူချင်း ကူးစက်သည့်ပုံစံမဟုတ်ဘဲ ရောဂါပိုးရှိသော တိရစ္ဆာန်မှတစ်ဆင့် ကူးစက်ခံရခြင်း ဖြစ်နိုင်ကြောင်း တရုတ်အာဏာပိုင်များက ပြောကြားထားသည်။
ဝူဟန်တစ်မြို့တည်းတွင် ဆေးရုံတက်ရောက် ကုသခံနေရသူ ၁၇၀ ရှိပြီး ၎င်းတို့အနက် ၉ ဦးမှာ စိုးရိမ်ရသောအနေအထားဖြစ်ကြောင်း အာဏာပိုင်များက ဇန်နဝါရီ ၁၉ ရက်နေ့တွင် တရားဝင်ပြောကြားထားသည်။ ရောဂါပျောက်ကင်းပြီး ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သူ ၂၅ ဦးရှိပြီဟုလည်း အာဏာပိုင်များက ထပ်လောင်းပြောကြားသည်။
BBC သတင်းတစ်ရပ်တွင်မူ ရောဂါဖြစ်ပွားသူဦးရေသည် တရုတ်အစိုးရ တရားဝင်ထုတ်ပြန်ထားသော အရေအတွက်ထက် အများကြီးပိုနိုင်ပြီး ၁၇၀၀ နီးပါးအထိ ရှိနိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားကြောင်း ဖော်ပြထားသည်။
တောင်ကိုရီးယားတွင်လည်း အဆိုပါရောဂါပိုး ကူးစက်ခံထားရသူ လူနာတစ်ဦးတွေ့ရှိထားကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသော သတင်းတစ်ပုဒ်အရ သိရသည်။ ဝူဟန်မှရောက်ရှိလာသော အသက် ၃၅ နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦး ထံတွင် တွေ့ရှိရခြင်းဖြစ်သည်။
တရုတ်ပြည်အလယ်ပိုင်း ဝူဟန်မြို့တွင် ၂၀၁၉ ဒီဇင်ဘာ၌ စတင်တွေ့ရှိခဲ့သော ရောဂါပိုးသည် ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားသစ်ဖြစ်ကြောင်း အစိုးရအရာရှိများက အတည်ပြုထားသည်။ ၂၀၀၂ ခုနှစ်၌ တရုတ်တွင် စတင်ဖြစ်ပွားခဲ့သည့် ဆားစ်ရောဂါသည်လည်း ကိုရိုနာဗိုင်းရပ် အမျိုးအစားဖြစ်သည်။
၂၀၀၂ နှင့် ၂၀၀၃ ခုနှစ်တွင် ကမ္ဘာတဝန်း၌ ဆားစ်ရောဂါကူးစက်ခံရသူ ၈၀၉၈ ဦးရှိပြီး ၎င်းတို့အနက် ၇၇၄ ဦး သေဆုံးခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အတွက် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မှု မပြုလုပ်ရန်၊ အသားနှင့် ဥများကို သေချာ ချက်ပြုတ်ပြီးမှ စားရန်၊ အအေးမိ တုပ်ကွေးလက္ခဏာ ဖြစ်ပေါ်နေသောသူများနှင့် အနီးကပ် ထိတွေ့မှု မပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းထားသည်။