- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုဗစ်ကပ်ဘေးကိုင်တွယ်မှုတွင် နယူးဇီလန် အကောင်းဆုံး ဘရာဇီး အညံ့ဆုံးဟု လေ့လာချက်က ဆို
ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ဘေးအား ကိုင်တွယ်ဖြေရှင်းကြရာ၌ ဘရာဇီးနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် အညံ့ဖျင်းဆုံးဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်အရ သိရသည်။
29 Jan 2021

ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ဘေးအား ကိုင်တွယ်ဖြေရှင်းကြရာ၌ ဘရာဇီးနိုင်ငံသည် ကမ္ဘာ့နိုင်ငံများအနက် အညံ့ဖျင်းဆုံးဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်အရ သိရသည်။
ကိုင်တွယ်ဖြေရှင်းမှု အကောင်းဆုံးနိုင်ငံမှာ နယူးဇီလန်ဖြစ်ကြောင်း သြစတြေးလျနိုင်ငံအခြေစိုက် အကြံပေးအဖွဲ့တစ်ခုက ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာ၌ ဖော်ပြထားသည်။
ဆစ်ဒနီအခြေစိုက် လိုဝီအင်စတီကျူ့သည် နိုင်ငံ ၁၀၀ နီးပါးအား အတည်ပြုကူးစက်မှု အချက်အလက်၊ သေဆုံးမှုနှင့် စစ်ဆေးသည့်နည်းလမ်းများ အပါအဝင် အချက်အလက် ၆ မျိုးဖြင့် ဆန်းစစ်ခဲ့သည်။
“အကုန်လုံး ခြုံပြီးကြည့်ရင် ဒီတိုင်းထွာချက်တွေက ကပ်ရောဂါကို နိုင်ငံတစ်နိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းမှု ဘယ်လောက်ထိ ကောင်းတယ်၊ ဘယ်လောက်ညံ့ဖျင်းတယ်ဆိုတာကို ညွှန်ပြနေပါတယ်” ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
အကောင်းဆုံး ဆယ်နိုင်ငံအနက် နံပါတ်တစ်နေရာ၌ နယူးဇီလန်ရှိနေပြီး သူ့နောက်တွင် ဗီယက်နမ်၊ ထိုင်ဝမ်၊ ထိုင်း၊ ဆိုက်ပရပ်၊ ရဝမ်ဒါ၊ အိုက်စ်လန်၊ သြစတြေးလျ၊ လတ်ဗီးယားနှင့် သီရိလင်္ကာနိုင်ငံတို့ ရှိသည်။
အောက်ဆုံးနိုင်ငံမှာ အဆင့် ၉၈ နေရာတွင်ရှိသည့် ဘရာဇီးဖြစ်ပြီး သူ့အထက်၌ မက္ကစီကို၊ ကိုလံဘီယာ၊ အီရန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ရှိသည်။
အညံ့ဖျင်းဆုံးနေရာ၌ ရှိနေသည့် ဘရာဇီးတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၂၁၈၀၀၀ ကျော်ရှိသဖြင့် အမေရိကန်ပြီးလျှင် ဒုတိယ သေဆုံးမှုအများဆုံးဖြစ်သည်။ အမေရိကန်၌ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၄ သိန်းခွဲနီးပါး ရှိသည်။
အမေရိကတိုက်ရှိ အဆိုပါ နှစ်နိုင်ငံလုံးသည် ကိုဗစ်ကာလ တစ်နှစ်ဝန်းကျင်အတွင်း ကိုဗစ်ရောဂါကို အရေးမကြီးသလို ပေါ့ပျက်ပျက် ကိုင်တွယ်ခဲ့သည့် အမျိုးသားရေး ခေါင်းဆောင်များ အုပ်ချုပ်ခဲ့သည့်နိုင်ငံများ ဖြစ်သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ စတင်တွေ့ရှိခဲ့သည့် တရုတ်နိုင်ငံသည် ယခုစာရင်း၌ မပါဝင်ပေ။ ရောဂါစစ်ဆေးမှုနှင့် ပတ်သက်၍ အများပြည်သူ သိရှိနိုင်အောင် ချပြထားသည့် အချက်အလက်များသည် ပြည့်စုံလုံလောက်မှု မရှိသောကြောင့် ယခုစာရင်းတွင် မထည့်သွင်းနိုင်ခဲ့ကြောင်း အစီရင်ခံစာထုတ်ပြန်သည့် အကြံပေးအဖွဲ့က ပြောကြားသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖြစ်ပွားခဲ့သည့် ကိုဗစ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် သေဆုံးသူစုစုပေါင်း ၂.၂ သန်းခန့်၊ ကူးစက်မှုစုစုပေါင်း သန်း ၁၀၀ ကျော် ရှိနေပြီဖြစ်သည်။