ကမ္ဘာ့အိုလံပစ်ပွဲ ကျင်းပနေသော တိုကျိုမြို့တွင် ကိုဗစ်ကူးစက်မှု စံချိန်တင် တွေ့ရှိ

ကမ္ဘာ့အိုလံပစ် အားကစားပွဲ ကျင်းပနေသော ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုတွင် ဇူလိုင်လ ၂၇ ရက်နေ့၌ ကိုဗစ်ကူးစက်မှု ၂၈၄၈ ခု စံချိန်တင် တွေ့ရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

27 Jul 2021

ဓာတ်ပုံ- Getty Images

DMG ၊ ဇူလိုင် ၂၇

ကမ္ဘာ့အိုလံပစ် အားကစားပွဲ ကျင်းပနေသော ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုတွင် ဇူလိုင်လ ၂၇ ရက်နေ့၌ ကိုဗစ်ကူးစက်မှု ၂၈၄၈ ခု စံချိန်တင် တွေ့ရှိခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တိုကျိုတွင် ယနေ့ တွေ့ရသည့် ကူးစက်မှု ပမာဏသည် ယခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့က တိုကျိုတစ်နေ့တာ အမြင့်ဆုံးကူးစက်မှုအဖြစ် ၂၅၂၀ ဦး တွေ့ရှိထားသည့် စံချိန်ကို ကျော်လွန်သွားပြီဖြစ်သည်။

လူထုအနေဖြင့် မလိုအပ်ဘဲ အပြင်ထွက်ခြင်းမျိုးကို ရှောင်ကြဉ်ကြရန် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆုဂက တိုက်တွန်း ပြောကြားထားသည်။

သို့သော်လည်း လက်ရှိကျင်းပနေသည့် ၂၀၂၀ တိုကျိုအိုလံပစ် ကစားပွဲများကို ဆိုင်းငံ့ရန် မလိုအပ်ကြောင်း သူက ဆိုသည်။

အိုလံပစ်ပွဲအား ဆိုင်းငံ့ရန် အစီအစဉ် ရှိ မရှိ မေးမြန်းရာ၌ ဝန်ကြီးချုပ်က ထိုအတွက် စိတ်ပူရန် မလိုကြောင်း၊ လုပ်ငန်းများကို နေအိမ်မှ ဆောင်ရွက်ကြရန် အစိုးရ၏ တိုက်တွန်းချက်နှင့် ယာဉ်လမ်းကြောင်း အချက်ပြမီးများကြောင့် လူထုသည် အပြင် သိပ်မထွက်ကြကြောင်း ဖြေကြားသည်။

ကူးစက်မြန် ဒဲလ်တာကိုဗစ်မျိုးစိတ်ကြောင့် အိုလံပစ်ပွဲတော် ကာလအတွင်း ရုတ်တရက် ကူးစက်မှု ထိုးတက်လာခြင်းမျိုး ကြုံရနိုင်ကြောင်း ပညာရှင်များက ထောက်ပြထားသည်။

ပြီးခဲ့သော တနင်္လာနေ့တွင် ဂျပန်၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်မှုစုစုပေါင်း ၅၀၂၀ တွေ့ရှိခဲ့သည်။

ဆုဂအစိုးရသည် နိုင်ငံ၏ ကျန်းမာရေးထက် အိုလံပစ်ပွဲကို ပိုမိုအလေးထားသည်ဟု ဝေဖန်ခံနေရသလို သူ့အပေါ် အများပြည်သူ၏ ထောက်ခံမှုသည်လည်း ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် မီဒီယာစစ်တမ်းများအရ သိရသည်။

ဂျပန်တွင် ယမန်နှစ် ကိုဗစ်ကပ်ဘေး စတင်ချိန်မှ လက်ရှိအချိန်အထိ ကူးစက်မှုစုစုပေါင်း ၈၇၀၀၀၀ ခန့်ရှိပြီး သေဆုံးသူ စုစုပေါင်း ၁ သောင်းခွဲခန့်ရှိသည်။