မြန်မာ့အိမ်နီးချင်း အိန္ဒိယတွင် တစ်ရက်တည်း၌ ကိုဗစ်ကူးစက်မှု ၁ သိန်းကျော် တွေ့ရှိ

အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း စံချိန်တင်ကူးစက်နှုန်း အမြင့်ဆုံးအဖြစ် ကိုဗစ်ကူးစက်မှု တစ်သိန်းကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဧပြီလ ၅ ရက်နေ့က ၂၄ နာရီစာ စစ်ဆေးမှုစုစုပေါင်းကို စာရင်းချုပ်ရာ၌ ကူးစက်မှု ၁၀၃၅၅၈ ခုအထိ ရှိနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

By Foreign Desk 09 Apr 2021

ဓာတ်ပုံ - Reuters

DMG ၊ ဧပြီ ၉

အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း စံချိန်တင်ကူးစက်နှုန်း အမြင့်ဆုံးအဖြစ် ကိုဗစ်ကူးစက်မှု တစ်သိန်းကျော် စစ်ဆေးတွေ့ရှိခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဧပြီလ ၅ ရက်နေ့က ၂၄ နာရီစာ စစ်ဆေးမှုစုစုပေါင်းကို စာရင်းချုပ်ရာ၌ ကူးစက်မှု ၁၀၃၅၅၈ ခုအထိ ရှိနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ကိုဗစ်ဒဏ်ကို အဆိုးဆုံးခံစားနေရသည့် မဟာရက်ရှ်ထရာ ပြည်နယ် တစ်ခုတည်းတွင် ကူးစက်မှုစုစုပေါင်းမှာ ၆ သောင်းနီးပါး စံချိန်တင် တွေ့ရှိခဲ့ရသည်။

လက်ရှိ၌ မဟာရက်ရှ်ထရာပြည်နယ်တွင် လူ ၄ ဦးထက် ပိုမစုရအမိန့်အပါအဝင် လော့ဒေါင်းကန့်သတ်ချက်များ ချမှတ်ထားသည်။ ပုဂ္ဂလိကရုံးများ၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ရေကူးကန်၊ ဘား၊ ဘုရားဝတ်ပြုရာနေရာများနှင့် အများပြည်သူ စုဝေးရာနေရာများကိုလည်း ပိတ်ထားသည်။

ယခုနှုန်းထားအရ အိန္ဒိယသည် အမေရိကန်ပြီးလျှင် တစ်နေ့တာ ကိုဗစ်ကူးစက်မှုနှုန်း ဒုတိယအမြင့်ဆုံးအဖြစ် စံချိန်တင်သွားပြီဖြစ်သည်။

၂၀၂၀ ခုနှစ် မတ်လက ချမှတ်ခဲ့သည့် ကိုဗစ်လော့ဒေါင်းကြောင့် လူမှုရေး နှင့် စီးပွားရေး အခက်အခဲများ ဆိုးဝါးစွာ ရင်ဆိုင်ခဲ့ရသည့်အတွက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီ အစိုးရအဖွဲ့သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လော့ဒေါင်းစည်းမျှဉ်းသစ်များ ချမှတ်ရန် ဝန်လေးလျက်ရှိသည်။

အိန္ဒိယနိုင်ငံတွင် လူဦးရေ သန်းပေါင်း ၁.၃ ဘီလျံရှိသည်။ ယခုနှစ်အတွင်း ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျလာမည်ဟု မျှော်လင့်ခဲ့သော်လည်း ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကူးစက်နှုန်းမှာ တဟုန်ထိုး ပြန်လည်မြင့်တက်လာခဲ့သည်။

“လူတွေက ကိုဗစ်ကို မကြောက်ကြတော့ဘူး၊ နှာခေါင်းစည်းလည်း စနစ်တကျ မတပ်ကြတော့ဘူး” ဟု ဆိုင်ကယ်တက္ကစီသမား တစ်ဦးက အေအက်ဖ်ပီ သတင်းဌာနသို့ ဖြေကြားသည်။

လက်ရှိအချိန်ထိ အိန္ဒိယတွင် ကိုဗစ်ကူးစက်မှုစုစုပေါင်း ၁၂ သန်းခွဲ ရှိသွားပြီဖြစ်ကာ သေဆုံးသူစုစုပေါင်းမှာ ၁၆၅,၀၀၀ ခန့်ရှိသည်။ နိုင်ငံတစ်ဝန်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူဦးရေ စုစုပေါင်း သန်း ၈၀ နီးပါးရှိသည်။

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကပ်ဘေးကြီး စတင်ခဲ့သည့် ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၁ ဧပြီလ ၈ ရက်နေ့အထိ ကိုဗစ်ကပ်ဘေးကြောင့် သေဆုံးသူစုစုပေါင်း ၂.၉ သန်းကျော် ရှိပြီး ကူးစက်မှုစုစုပေါင်း ၁၃၄ သန်းနီးပါးရှိသည်။