- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ပီရူးတွင် ကိုဗစ်ကြောင့်သေဆုံးသူ ၂ သိန်းကျော်ပြီ
ပီရူးနိုင်ငံတွင် ကိုဗစ်ကြောင့်သေဆုံးသူ အရေအတွက်သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ၂ သိန်းကျော်လွန်သွားပြီဖြစ်ကြောင်း ပီရူးကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
23 Oct 2021
DMG ၊ အောက်တိုဘာ ၂၄
ပီရူးနိုင်ငံတွင် ကိုဗစ်ကြောင့်သေဆုံးသူ အရေအတွက်သည် အောက်တိုဘာလ ၂၂ ရက်နေ့တွင် ၂ သိန်းကျော်လွန်သွားပြီဖြစ်ကြောင်း ပီရူးကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
ပီရူးတွင် စုစုပေါင်းလူဦးရေ ၃၃ သန်းရှိပြီး လက်ရှိအချိန်အထိ ကူးစက်မှုစုစုပေါင်း ၂.၂ သန်းရှိသည်။ ကိုဗစ်ကြောင့် သေဆုံးသူ အရေအတွက်သည် နိုင်ငံလူဦးရေအချိုးနှင့် တွက်လျှင် ကမ္ဘာ့ သေဆုံးမှုနှုန်းအမြင့်ဆုံး နိုင်ငံဖြစ်ကာ လူတစ်သန်းလျှင် သေဆုံးသူ ၆၀၆၅ ဦးနှုန်း ရှိသည်။
ပီရူးတွင် ၂၀၂၀ ခုနှစ် မတ်လတွင် ကိုဗစ်လူနာ စတင်တွေ့ရှိခဲ့သည်။ ပြီးခဲ့သည့် သောကြာနေ့အစောပိုင်း ၂၄ နာရီအတွင်း သေဆုံးသူ ၂၅ ဦးကိုပါ ထည့်ပေါင်းပါက စနေနေ့ သတင်းထုတ်ပြန်ချိန်အထိ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၂၀၀၀၀၃ ဦး ရှိနေပြီဖြစ်သည်။
နိုင်ငံတစ်ဝန်းတွင် ကာကွယ်ဆေး ထိုးနှံမှုပမာဏ မြင့်တက်လာသည်နှင့်အမျှ ပီရူးတွင် ကိုဗစ်ကူးစက်မှုသည် ယခုရက်ပိုင်းအတွင်း ကျဆင်းလာနေသည်။ သို့သော်လည်း ဒဲလ်တာမျိုးကွဲ ကူးစက်မှုသည်လည်း ပျံ့နှံ့လာနေသဖြင့် ပီရူးအာဏာပိုင်များသည် စိုးရိမ်မှုများ ရှိနေကြဆဲ ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ အမြင့်ဆုံးအဆင့်မှာ ထားပြီး ထိန်းချုပ်နေဆဲ ဖြစ်ပါတယ်” ဟု ပီရူးကျန်းမာရေးဝန်ကြီး ဟာနန်ဒိုဆီဗာလို့စ်က မကြာသေးမီက ပြောကြားခဲ့သည်။
လက်ရှိအချိန်၌ နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေးစည်းကမ်းများကို လျှော့ချနေပြီဖြစ်သလို စီးပွားရေးလုပ်ငန်းများကိုလည်း ပြန်လည်စတင်၍ ခွင့်ပြုပေးနေပြီဖြစ်သည်။
လက်တင်အမေရိကနိုင်ငံများအနက် ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက် ပိုများသောနိုင်ငံများမှာ ဘရာဇီးနှင့် မက္ကစီကိုနိုင်ငံတို့ ဖြစ်ကြသည်။ ဘရာဇီးတွင် သေဆုံးသူစုစုပေါင်း ၆ သိန်းကျော်၊ မက္ကစီကိုတွင် ၃ သိန်းနီးပါးရှိသည်။ သို့သော်လည်း ထိုနိုင်ငံများ၏ လူဦးရေသည် ပီရူးထက် အဆပေါင်းများစွာ ပိုများသည်။
ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်းအထိ ကိုဗစ်ကြောင့်သေဆုံးသူ စုစုပေါင်း ၅ သန်းနီးပါး ရှိနေပြီဖြစ်ကြောင်း Worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။
ကိုဗစ်ကူးစက်မှုစုစုပေါင်းမှာ သန်း ၂၄၀ ကျော် ရှိသည်။