ပီရူးတွင် ကိုဗစ်ကြောင့် မိဘဆုံးရှုံးရသော ကလေးငယ် တစ်သိန်းနီးပါး ရှိ

ကမ္ဘာပေါ်တွင် ကိုဗစ်ကြောင့်သေဆုံးနှုန်း အမြင့်ဆုံးဖြစ်သည့် ပီရူးနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါကြောင့် မိဘ သို့မဟုတ် အုပ်ထိန်းသူ တစ်ဦးဦး ဆုံးရှုံးရသော ကလေးငယ်စုစုပေါင်း ၁ သိန်းနီးပါးအထိ ရှိနေကြောင်း ပီရူးအစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

10 Jan 2022

ဓာတ်ပုံ - AFP

DMG ၊ ဇန်နဝါရီ ၁၀

ကမ္ဘာပေါ်တွင် ကိုဗစ်ကြောင့်သေဆုံးနှုန်း အမြင့်ဆုံးဖြစ်သည့် ပီရူးနိုင်ငံ၌ ကိုဗစ် ၁၉ ရောဂါကြောင့် မိဘ သို့မဟုတ် အုပ်ထိန်းသူ တစ်ဦးဦး ဆုံးရှုံးရသော ကလေးငယ်စုစုပေါင်း ၁ သိန်းနီးပါးအထိ ရှိနေကြောင်း ပီရူးအစိုးရ၏ ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

“စိတ်မကောင်းစွာနဲ့ပဲ ကျွန်မတို့နိုင်ငံမှာ ကပ်ဘေးကာလအတွင်း မိခင်၊ ဖခင် ဒါမှမဟုတ် အုပ်ထိန်းသူ ဆုံးရှုံးလိုက်ရတဲ့ ကလေးငယ်ပေါင်း ၉၈၀၀၀ နီးပါးရှိနေပါတယ်” ဟု ပီရူး အမျိုးသမီးရေးရာဝန်ကြီး အာနာဟီဒူရန်က The Lancet ဆေးပညာဂျာနယ်တွင် ဖော်ပြထားသည့် အချက်အလက်များကို ကိုးကားပြီး ပြောကြားသည်။

ပီရူးသည် လူဦးရေအချိုးနှင့်တွက်လျှင် ကမ္ဘာပေါ်တွင် ကိုဗစ်ကြောင့်သေဆုံးမှုနှုန်းထား အမြင့်ဆုံးနိုင်ငံ ဖြစ်ပြီး လူတစ်သန်းလျှင် ကိုဗစ်ဖြင့်သေဆုံးသူ ၆၀၀၀ နှုန်းရှိကြောင်း အေအက်ဖ်ပီသတင်းဌာန၏ လေ့လာချက်များအရ သိရသည်။

ပီရူးအစိုးရသည် လတ်တလောတွင် မိသားစု ၁၈၀၀၀ ကျော်အား ထောက်ပံ့ကြေးအဖြစ် ပီရူးငွေ ၂၀၀ (ကန်ဒေါ်လာ ၅၀) စီ နှစ်လတစ်ကြိမ်နှုန်းဖြင့် ပုံမှန်ထောက်ပံ့ပေးလျက်ရှိသည်။

အစိုးရထောက်ပံ့မှုအား စိတ်ပိုင်းနှင့် ပညာရေးပိုင်းဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေး၊ ကလေးနှင့် ဆယ်ကျော်သက် ၈၃၀၀၀ ကျော်အထိ လက်လှမ်းမီကူညီနိုင်ရေး အထိ တိုးချဲ့ဆောင်ရွက်သွားရန် မျှော်လင့်ထားသည်ဟု ဝန်ကြီးကပြောသည်။

လက်ရှိထောက်ပံ့ရေးစနစ်တွင် အဓိကအခက်အခဲမှာ မိသားစုအများအပြားသည် ထောက်ပံ့ကြေးရယူရန် လိုအပ်သော စာရွက်စာတမ်းများ မရှိကြခြင်းဖြစ်သည်ဟု ဝန်ကြီးဒူရန်က ပြောသည်။

“မိသားစုအများအပြား ထောက်ပံ့ကြေးယူဖို့ ကျွန်မတို့ဆီလာကြတယ်။ ဒါပေမဲ့ သူတို့မှာ ကိုဗစ်-၁၉ နဲ့ သေဆုံးကြောင်း ထောက်ခံစာမရှိကြဘူး။ ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ အိမ်မှာပဲ သေဆုံးသွားသူတွေဟာ ကိုဗစ်နဲ့သေဆုံးကြောင်း ထောက်ခံစာယူနိုင်တဲ့ အခြေအနေ မရှိခဲ့ကြဘူး” ဟု သူကဆိုသည်။

လူဦးရေ ၃၃ သန်းရှိသည့် ပီရူးနိုင်ငံသည် ကိုဗစ်တတိယလှိုင်းဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေရပြီး ကူးစက်မှုစုစုပေါင်း ၂ သန်းကျော်ရှိသည်။ ကိုဗစ်ကြောင့်သေဆုံးသူ အရေအတွက်မှာ လက်ရှိအချိန်အထိ ၂ သိန်းကျော်သွားပြီ ဖြစ်သည်။