စိတ်ပျက်စရာ တရုတ်ကိုဗစ်ဆေး ရလဒ်များကြောင့် ဖွံ့ဖြိုးဆဲကမ္ဘာကြီး နောက်ပြန်ဆုတ်သွားမလား

ဘရာဇီးမှ သိပ္ပံပညာရှင်များသည် ပြီးခဲ့သောသီတင်းပတ်အထိ အဓိအောင်မြင်မှုအဖြစ် ဂုဏ်ပြုခဲ့ကြသော တရုတ်ကိုဗစ်ဆေး၏ ထိရောက်မှုအား အဆင့်လျှော့ချလိုက်ကြပြီ ဖြစ်သည်။

By စောသန္တာအေး 17 Jan 2021

စောသန္တာအေး ဘာသာပြန်ဆိုသည်။

ဘရာဇီးမှ သိပ္ပံပညာရှင်များသည် ပြီးခဲ့သောသီတင်းပတ်အထိ အဓိအောင်မြင်မှုအဖြစ် ဂုဏ်ပြုခဲ့ကြသော တရုတ်ကိုဗစ်ဆေး၏ ထိရောက်မှုအား အဆင့်လျှော့ချလိုက်ကြပြီ ဖြစ်သည်။

ဖွံ့ဖြိုးဆဲကမ္ဘာကြီးအတွက် ကာကွယ်ဆေး မြန်မြန်ထုတ်လုပ်ပြီး အလွယ်တကူ ဖြန့်ချိနိုင်မည့် မျှော်လင့်ချက်သည်လည်း ဤဖြစ်ရပ်ကြောင့် မရေမရာ ဖြစ်နေပေသည်။

ဆာအိုပေါ်လိုရှိ ဘူတန်တန်အင်စတီကျူ့သည် တရုတ်နိုင်ငံ ဘေကျင်းအခြေစိုက် ဆီနိုဗက်ကုမ္ပဏီက ထုတ်လုပ်သည့် ကိုရိုနာဗက် ကာကွယ်ဆေးအား စမ်းသပ်ခဲ့ရာ ၅၀ ရာခိုင်နှုန်းကျော်သာ ထိရောက်မှုရှိသည်ကို တွေ့ရှိရကြောင်း အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ဤနှုန်းထားသည် ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည့် ၇၈ ရာခိုင်နှုန်းထက် အလွန်အမင်း လျော့နည်းနေခြင်း ဖြစ်သည်။

ဤဂယက်သည် တရုတ်၏ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးသံတမန်အခင်းအကျင်း အတွက် အထူးအရေးပါသည့် ကာကွယ်ဆေးအတွက် အကျိုးသက်ရောက်မှုရှိသည်။ အာဏာပိုင်အဖွဲ့အစည်းများက အပြည့်အဝ အတည်မပြုရသေးသော်လည်း တရုတ်လုပ် ကိုရိုနာဗက် ကာကွယ်ဆေးကို ကမ္ဘာတစ်ဝန်း ၁၀ နိုင်ငံထက်မနည်းတွင် ထိုးဆေးပေါင်း သန်း ၃၈၀ ခန့်မှာယူထားသည်။

ဟောင်ကောင် အကြီးတန်းအရာရှိ တစ်ဦးကတော့ ဟောင်ကောင်အတွက် ကိုရိုနာဗက်ကာကွယ်ဆေးများ မှာယူထားပြီဟု ဆိုသည်။ သို့သော်လည်း ဆေးကိုမထိုးနှံမီ စမ်းသပ်မှုရလဒ်များအပေါ် အကြံပေးအဖွဲ့က သေသေချာချာ သုံးသပ်သွားဦးမည်ဟု ဆိုသည်။

“တရုတ်ကာကွယ်ဆေးကို မှာယူထားတဲ့ နိုင်ငံတွေကတော့ ဒီဆေးရဲ့ အသုံးဝင်ပုံကို မေးခွန်းထုတ်ကောင်း ထုတ်ကြပါလိမ့်မယ်” ဟု တရုတ်နိုင်ငံ၏ ကျန်းမာရေး အထူးပြုလေ့လာသူ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကြီးတန်းလေ့လာသူ ယန်ကျုံးဟွမ်က ပြောကြားသည်။

“အတိုက်အခံပါတီတွေရှိတဲ့ နိုင်ငံတွေဆိုရင်တော့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အစိုးရကို စိန်ခေါ်မှုတွေလုပ်ဖို့ ဒီအချက်ကို အသုံးပြုလာနိုင်ပါတယ်။ ဒါဆိုရင်တော့ အဲဒီနိုင်ငံတွေမှာ ပြည်တွင်းနိုင်ငံရေး အရှုပ်အထွေးတွေ ဖြစ်လာနိုင်တယ်” ဟု ဟွမ်က ဆိုသည်။

ဆီနိုဗက်ကုမ္ပဏီအား တိုင်းမဂ္ဂဇင်းမှ မေးမြန်းရန် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။

တရုတ်အရာရှိများသည် တရုတ်ကုမ္ပဏီ ဆီနိုဗက်နှင့် ဆီနိုဖန်းတို့မှ ထုတ်လုပ်သည့် ကာကွယ်ဆေးများသည် ကျန်းမာရေးစောင့်ရှောက်မှု အားနည်းသည့် ဆင်းရဲသောနိုင်ငံများအတွက် ကပ်ဘေးကြီးအား တိုက်ဖျက်ရာတွင် အရေးပါလာမည်ဟု လပေါင်းများစွာကြာအောင် ပြောဆိုခဲ့ကြသည်။ ဤဆေးများသည် အမေရိကန်မှ ထုတ်လုပ်သည့် ဖိုက်ဇာနှင့် မော်ဒန်းနားဆေးတို့ကဲ့သို့ အေးခဲသိမ်းဆည်းရန် မလိုအပ်ပေ။

Oxford-AstraZeneca နှင့် Johnson & Johnson ကာကွယ်ဆေးများသည် တရုတ်ဆေးထက် အာနိသင်ပိုရှိသဖြင့် အစားထိုး သုံးစွဲနိုင်သည်။ သို့သော်လည်း ကိုရိုနာဗက်ကာကွယ်ဆေး ဝယ်ယူထားသော အစိုးရများသည် သဘောတူညီချက်ကို ရုတ်သိမ်းပြီး လမ်းကြောင်းပြောင်းမည်လား ဟူသည်မှာ မသေချာပေ။

အခြားဆေးများနှင့် မတူသည်မှာ ကိုရိုနာဗက်သည် ဗိုင်းရပ်စ်အားပျော့စေရန် သို့မဟုတ် သေဆုံးစေရန်အတွက် ဓာတုဆေးဝါးများ ထည့်သွင်းထားသည့်ထိုးဆေးအား ထိုးနှံပေးခြင်းဖြင့် ခံယူသူ၏ ကိုယ်တွင်း၌ ကိုယ်ခံအားမြင့်တက်လာစေသည့် နည်းပညာအဟောင်းအပေါ် မှီခိုနေရခြင်း ဖြစ်သည်။ သို့သော် ဗိုင်းရပ်စ်အားသုတ်သင်ခြင်း ဖြစ်စဉ်သည် ကာကွယ်ဆေး၏အာနိသင်ကို အားပျော့စေနိုင်သဖြင့် ပိုမိုတိုတောင်းသည့် သို့မဟုတ် ထိရောက်မှုအားနည်းသွားသည့် ကိုယ်တွင်းခုခံအားအဖြစ် ထွက်ပေါ်လာနိုင်သည်။

အင်္ဂါနေ့ကထုတ်ပြန်ခဲ့သည့် အာနိသင်ကျဆင်းမှု သတင်း၏ အဓိပ္ပာယ်မှာ ကိုရိုနာဗက် ဆေးကိုသုံးစွဲသော နိုင်ငံများသည် Herd Immunity ဟုခေါ်သည့် လူထုခုခံအား ရရှိရန်အတွက် အချိန်ပိုကြာမည့်သဘော ဖြစ်သည်။ လူထုခုခံအားအတွက် စုစုပေါင်းလူဦးရေ၏ ၇၀ ရာခိုင်နှုန်းဝန်းကျင်က ဗိုင်းရပ်စ်ကို ခံနိုင်ရည်ရှိမှု ရရန် လိုအပ်သည်။ နှိုင်းယှဉ်မှုအားဖြင့် မော်ဒန်းနားနှင့် Pfizer-BioNTech ကာကွယ်ဆေးများသည် ထိရောက်မှုအာနိသင် ၉၅ ရာခိုင်နှုန်းအထိ ရှိကြောင်း စမ်းသပ်သိထားပြီးဖြစ်သည်။

ဘရာဇီးကျန်းမာရေးအေဂျင်စီ အန်ဗီဆာသည် လက်ရှိအချိန်၌ ကိုရိုနာဗက်စမ်းသပ်မှုကို စောင့်ကြည့်လျက်ရှိသည်။ အန်ဗီဆာဘက်က အတည်ပြုလျှင် ဘရာဇီးတွင် ယခုလအတွင်း စတင်ထိုးနှံမည်ဟု ယူဆရသည်။ ဘရာဇီးသည် လက်ရှိတွင် ကိုဗစ်ကာကွယ်ဆေး ၁၀.၈ သန်းဝယ်ယူထားရှိပြီးဖြစ်သည်။ ကျန်းမာရေးဝန်ကြီး အွာဒိုပါဇူဝယ်လိုက အစိုးရသည် ကိုရိုနာဗက်ထိုးဆေး သန်း ၁၀၀ ဝယ်ယူရန် ရည်ရွယ်ထားသည်ဟု ပြီးခဲ့သောသီတင်းပတ်တွင် ပြောကြားခဲ့သည်။

ဘရာဇီးတွင် လက်ရှိ၌ ကိုဗစ်ကြောင့်သေဆုံးသူသည် နေ့စဉ် ၁၀၀၀ ခန့်စီရှိသည်။

ကိုရိုနာဗက်အား မှာယူထားသူ နိုင်ငံအများအပြားသည် ဆင်းရဲကြပြီး ကပ်ဘေးကို တားဆီးကာ ပြည်သူများအား အကာအကွယ်ရန် စိတ်အားထက်သန်နေသော နိုင်ငံများ ဖြစ်ကြသည်။

ဥပမာအားဖြင့် အင်ဒိုနီးရှားဆိုလျှင် ကိုရိုနာဗက်ထိုးဆေး ၁၂၅.၅ သန်း မှာယူထားသည်။ အင်ဒိုနီးရှားသည် အရှေ့တောင်အာရှတွင် ကူးစက်မှုအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်မှု ၈ သိန်းခွဲ၊ သေဆုံးသူ ၂ သောင်းခွဲနီးပါး ရှိသည်။

သမ္မတ ဂျိုကိုဝီဒိုဒိုသည် ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ကိုရိုနာဗက်ကာကွယ်ဆေး ထိုးနှံပြီး တိုက်ရိုက် ထုတ်လွှင့်ပြသခဲ့သည်။

ရေတို၌ နိုင်ငံအချို့အတွက် အလားအလာကောင်းမှာ မဖြစ်စလောက်သာ ရှိသည်။ ချမ်းသာသော နိုင်ငံများသည် နောက်နှစ်အကုန်ထိ ဈေးကွက်သို့ ရောက်လာနိုင်သော ကာကွယ်ဆေးများအနက် ထက်ဝက်ခန့်ကို ဝယ်ယူထားကြပြီးဖြစ်သည်။

ဆီနိုဗက်တွင်မူ ကာကွယ်ဆေး အမြောက်အမြား ထုတ်လုပ်နိုင်အားရှိသည်။ ယခုနှစ်တွင် ကာကွယ်ဆေး သန်း ၆၀၀ ထုတ်လုပ်နိုင်ကြောင်း ကုမ္ပဏီက ပြောကြားထားသည်။

တရုတ်အတွက်ဆိုလျှင် ဘရာဇီးကထုတ်ပြန်သည့် ကာကွယ်ဆေးထိရောက်မှု အားနည်းသည့် ရလဒ်များသည် နိုင်ငံ၏ ဇီဝနည်းပညာရည်ရွယ်ချက်ကို အထိနာစေနိုင်ခြေ ရှိနေသည်။ တရုတ်သည် ကမ္ဘာလုံးဆိုင်ရာ သိပ္ပံပညာပါဝါကို ၎င်းထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေးမှုတစ်ဆင့် ရရှိနိုင်ရန် မျှော်လင့်ထားခြင်းဖြစ်သည်။

ဤရလဒ်သည် ဆီနိုဗက်နှင့် ဆီနိုဖန်းမှ ထုတ်လုပ်သည့် ကိုဗစ်ဆေးများအား အထူးအမွှမ်းတင် မဲဆွယ်ထားသည့် တရုတ်အရာရှိများကိုလည်း အကျပ်အတည်း ဖြစ်စေသည်။ ဤဆေးများအား တရားဝင်အတည်ပြုချက် မရေသေးသလို နောက်ပိုင်းအဆင့် စမ်းသပ်ချက်များ၏ ရလဒ်များကိုလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ သို့သော်လည်း တရုတ်အစိုးရသည် အရေးပေါ်ဥပဒေဖြင့် တရုတ်ပြည်သူ ထောင်ပေါင်းများစွာအား ကာကွယ်ဆေး ထိုးပေးထားပြီးဖြစ်သလို နောက်လကုန်တွင် ပြည်သူ သန်း ၅၀ အထိ ထိုးနှံပေးနိုင်အောင် စီစဉ်ထားသည်။

တရုတ်အစိုးရပိုင် မီဒီယာသည် ဘရာဇီးမှသတင်းအား လျှော့ပေါ့ထုတ်လွှင့်ခဲ့သည်။ အစိုးရပိုင် ဂလိုဘယ်တိုင်း မီဒီယာက ဆီနိုဗက်ဆေးသည် “ပြင်းထန်လူနာများအား ကုသရာတွင် ၁၀၀ ရာခိုင်နှုန်း ထိရောက်၊ ဆေးရုံတက်ကုသမှုကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခြေရှိ” ဟူသောခေါင်းစီးဖြင့် သတင်းဖော်ပြခဲ့သည်။

တရုတ်သည် ယခင်တည်းက ကာကွယ်ဆေးအရည်အသွေးနှင့် ပတ်သက်သည့် နာမည်ပျက်သမိုင်း ရှိထားပြီးဖြစ်ရာ ဘရာဇီး၏ ထုတ်ပြန်ချက်သည်  တရုတ်ဆေးကို နဂိုတည်းက သတိထားကြသူများအတွက်လည်း  အယုံအကြည်မဲ့စရာ ဖြစ်လာနိုင်သည်။ ဟောင်ကောင်ရှိ တက္ကသိုလ်တစ်ခုက လေ့လာချက်တွင်ဆိုလျှင် ဟောင်ကောင်၌ တရုတ်ကာကွယ်ဆေးကို ထိုးနှံလိုစိတ်ရှိသူ ၃၇.၂ ရာခိုင်နှုန်းသာရှိကြောင်း ဖော်ပြထားသည်။

တရုတ်ကာကွယ်ဆေး၏ အာနိသင်နှင့် ပတ်သက်၍ ဟိုတစ်စသည်တစ်စ ထွက်ပေါ်နေသည့် သတင်းများအပေါ် ပညာရှင်များကလည်း မေးခွန်းထုတ်လျှက်ရှိသည်။

အင်ဒိုနီးရှားတွင် ကြားဖြတ်လေ့လာချက် တစ်ရပ်အရ ကိုရိုနာဗက်သည် ထိရောက်မှုအာနိသင် ၆၅.၃ ရာခိုင်နှုန်းရှိကြောင်း တနင်္လာနေ့က ပြောကြားသည်။ တူရကီကမူ ဆေးအာနိသင်သည် ၉၁.၂၅ ရာခိုင်နှုန်းအထိ ရှိသည်ဟု ဆိုသည်။ သို့သော်လည်း တူရကီ၏ ထုတ်ပြန်ချက်မှာ ဆေးခန်းငယ်တစ်ခု၌  နမူနာစမ်းသပ်သုံးစွဲခဲ့သည့် ကနဦးထုတ်ပြန်ချက်အပေါ် အခြေခံထားခြင်းသာ ဖြစ်သည်။

တရုတ်ကိုဗစ်ဆေးသည် ဘရာဇီး၏ နိုင်ငံရေးမျက်နှာစာတွင် ကာလရှည်ကြာ ရှိနေခဲ့ပြီးဖြစ်သည်။ ကိုရိုနာဗက်ကို လှောင်ပြောင်မှုများ ပြုလုပ်ခဲ့သည့် သမ္မတဘော့ဆိုနာရို၏ လုပ်ရပ်က နိုင်ငံတစ်ဝန်း ကာကွယ်ဆေးအား ကန့်ကွက်မှုများကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့သည်။ ဘရာဇီးတွင် လက်ရှိအချိန်ထိ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၂ သိန်းကျော်နေပြီ ဖြစ်သည်။ ဆာအိုပေါ်လိုမြို့တော်ဝန်  ဂျိုဒိုရီယာကမူ တရုတ်ဆေးအား အထူးပင် အမွှမ်းတင်ကာကွယ်ပေးလျက်ရှိသည်။ ဒိုရီယာသည် သမ္မတဘော့ဆိုနာရိုအား အဝေဖန်ဆုံး ပုဂ္ဂိုလ်များထဲမှ တစ်ဦးဖြစ်သလို ၂၀၂၂ တွင် သမ္မတအဖြစ် အရွေးခံရန် မျှော်လင့်ထားသူလည်း ဖြစ်သည်။

ပထမကြေညာခဲ့သည့် အာနိသင် ပိုမိုထိရောက်သောနှုန်းထားသည် ကိုဗစ်ကူးစက်ခံရပြီးနောက် ကုသမှုခံယူရန် လိုအပ်သော လက္ခဏများပြသနေသည့် လူနာများအတွက်လည်း လုံလောက်သည့် ကုသမှုပေးနိုင်ကြောင်း ဘရာဇီးအရာရှိများက ပြောထားသည်။ ပြီးခဲ့သော သီတင်းပတ်ကလည်း တာဝန်ရှိသူများက ဤဆေးသည် သာမန်မှသည် ပြင်းထန်လူနာများအထိ အပြည့်အဝ အကာအကွယ်ပေးနိုင်ကြောင်း ပြတ်ပြတ်သားသားပင် ပြောဆိုခဲ့သေးသည်။ သို့သော်လည်း ကာကွယ်ဆေး ထိုးနှံထားသောလည်း ကိုဗစ်ကူးစက်နိုင်ခြေ အသင့်အတင့် ရှိနေသေးကြောင်း တွေ့ရှိထားသည့် နောက်အုပ်စုတစ်ခု၏ လေ့လာချက်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ကြပေ။

ကူးစက်ရောဂါနှင့် ကာကွယ်ဆေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးဖြစ်သူ ဒေါက်တာ ဒန်းနစ်ဂျဲရက်ကမူ ကိုရိုနာဗက်၏ လုံခြုံမှုအပေါ် သံသယဖြစ်စရာမလိုဟု ဆိုသည်။ လက်ရှိအချိန်ထိ ရရှိထားသော အချက်အလက်များအရ စိတ်ကျေနပ်ဖွယ်ရာ အကာအကွယ်ကို ပေးစွမ်းနိုင်လိမ့်မည်ဟု ထပ်လောင်းပြောကြားသည်။ သို့သော်လည်း ဤဆေးအကြောင်း အများပြည်သူသိအောင် ချပြရာ၌ မရေရာမှုများနှင့် လွဲမှားသည့် အပြုအမူများက လူထု၏ယုံကြည်မှုအပေါ် အကျိုးသက်ရောက်နိုင်ပြီး ကာကွယ်ဆေးအပေါ် အခြေခံသည့် နိုင်ငံရေးတိုက်ခိုက်မှုများကိုလည်း မီးလောင်ရာလေပင့် ဖြစ်စေနိုင်သည်ဟု သူမက ဆိုသည်။

“ပွင့်လင်းမြင်သာမှု အားနည်းခြင်းက လူတွေရဲ့ ယုံကြည်မှုကို တကယ်ထိခိုက်စေပါတယ်” ဟု ဒေါက်တာဂျဲရက်က ပြောသည်။

“ဒီအချက်ကပဲ ဒီဆေးမကောင်းဘူး ဆိုတဲ့စကားကို အားဖြည့်ပေးသလို ဖြစ်သွားတာ” ဟု သူမကဆိုလေသည်။

စောသန္တာအေး

ရည်ညွှန်း - Disappointing Chinese Vaccine Results Pose Setback for Developing World, New York Times, သရုပ်ဖော်ပုံ - Foreign Affairs