ပူတင်၏ကျူးကျော်စစ်ကို ရုရှားမြို့ကြီးများတွင် ပြည်သူ ထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒပြ

ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ရုရှား၏ကျူးကျော်စစ်ကို ကြာသပတေးနေ့တွင် ရုရှားနိုင်ငံရှိ မြို့အများအပြား၌ ပြည်သူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဆန္ဒဖော်ထုတ်ပွဲများအတွင် ဖမ်းဆီးခံရသူ ၁၇၀၀ ကျော်အထိ ရှိကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

By Foreign Desk 25 Feb 2022

(ဓာတ်ပုံ - AFP)

ဖေဖော်ဝါရီ ၂၅ ၊ DMG

ယူကရိန်းအပေါ် ဆင်နွှဲနေသည့် ရုရှား၏ကျူးကျော်စစ်ကို ကြာသပတေးနေ့တွင် ရုရှားနိုင်ငံရှိ မြို့အများအပြား၌ ပြည်သူထောင်ပေါင်းများစွာ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဆန္ဒဖော်ထုတ်ပွဲများအတွင် ဖမ်းဆီးခံရသူ ၁၇၀၀ ကျော်အထိ ရှိကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

ရုရှားအဆို ‘ယူကရိန်းလွတ်မြောက်ရေးနှင့် နာဇီရှင်းလင်းရေး’ အတွက် ယူကရိန်းကို တိုက်ခိုက်ခြင်းအား ရုရှားပြည်သူများ သေချာပေါက်ထောက်ခံကြမည်ဟု ကရင်မလင်က အစောပိုင်းတွင် ပြောကြားမှုရှိခဲ့သည်။

သို့သော်လည်း ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်းပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်လာသည့် မြင်ကွင်းများ ပေါ်ထွက်လာပြီးနောက် ရုရှားရှိ အထင်ကရပုဂ္ဂိုလ်အများအပြားသည် ပူတင်၏စစ်ပွဲအပေါ် ကန့်ကွက်မှုကို ထုတ်ဖော်ပြောကြားလာကြပြီး ကြာသပတေးနေ့တွင် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မော်စကိုမြို့လည်ရှိ ပုရှကင်ရင်ပြင်၌ လူထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြသလို လူ ၁၀၀၀ ခန့်သည်လည်း ယခင်မြို့တော်ဟောင်း စိန့်ပီတာစဘက်တွင် စုဝေးဆန္ဒပြခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
အခြားသော ဒါဇင်နှင့်ချီသည့် ရုရှားမြို့ကြီးများတွင်လည်း လူစုလူဝေးများ ဖြစ်ပေါ်ခဲ့သည်။

ကြာသပတေးနေ့က ရုရှားမြို့ကြီး ၅၃ မြို့တွင် ဆန္ဒပြမှုများအတွင်း ဖမ်းဆီးခံခဲ့ရသူ  ၁၇၀၀ ကျော်ရှိသည်။ ၎င်းတို့အနက် ၉၀၀ ခန့်မှာ မော်စကိုတွင် ဖမ်းဆီးခံရခြင်း ဖြစ်ကာ စိန့်ပီတာစဘက်တွင် ဖမ်းဆီးခံရသူလည်း ၄၀၀ ခန့်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။