မုဒိမ်းကျင့်ပြီး လူသတ်မီးရှို့ခဲ့သူ လန်ဒန်ရဲ ထောင်ဒဏ်တစ်သက် ချမှတ်ခံရ

အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့သည့် လန်ဒန် ရဲအရာရှိဟောင်းတစ်ဦးသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်များလည်း ခံစားခွင့်ရှိမည့် အခြေအနေ မရှိကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

06 Oct 2021

မက်ထရိုပိုလီတန်ရဲတပ်ဖွဲ့က ထုတ်ပြန်သည့် ဆာရာအက်ဗရက်၏ ဓာတ်ပုံ။ (ဓာတ်ပုံ - Metropolitan Police via AP)

DMG ၊ အောက်တိုဘာ ၆

အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲ၊ မုဒိမ်းကျင့်ပြီး သတ်ဖြတ်ခဲ့သည့် လန်ဒန် ရဲအရာရှိဟောင်းတစ်ဦးသည် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်များလည်း ခံစားခွင့်ရှိမည့် အခြေအနေ မရှိကြောင်း AP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ရဲအရာရှိသည် ကိုဗစ်-၁၉ ကန့်သတ်ချက် ဥပဒေများနှင့် ရဲဝန်ထမ်းကတ် တို့ကို အသုံးပြုကာ ထိုမျိုးသမီးအား သူ၏ကားတွင်းသို့ လှည့်ဖြားခေါ်ဆောင်သွားခြင်း ဖြစ်သည်။

မတ်လ ၃ ရက်နေ့က လန်ဒန်မြို့တောင်ပိုင်းရှိ သူငယ်ချင်းတစ်ဦးထံ သွားရောက်လည်ပတ်ရာမှ အိမ်ပြန်လာသော အသက် ၃၃ နှစ်အရွယ် ဆာရာအက်ဗရက် ဆိုသူကို  ကိုဗစ်-၁၉ ဆိုင်ရာ လော့ဒေါင်း စည်းကမ်းများ ချိုးဖောက်မှုဖြင့် မှားယွင်းဖမ်းဆီးခဲ့မှုအတွက် ဝိန်းကူဇံ (အသက် ၄၈ နှစ်) ဆိုသူအား စွဲချက်တင်ထားသည်။

ထိုအချိန်က လန်ဒန်မြို့တော် ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသူ  ကူဇံသည် အက်ဗရက်အား လက်ထိတ်ခတ်ဖမ်းဆီးလျက် မြို့ပြင်သို့ ခေါ်ဆောင်သွားပြီးနောက် မုဒိမ်းကျင့်ကာ သတ်ဖြတ်ခဲ့သည်ဟု အစိုးရရှေ့နေများက ပြောကြားသည်။

ထိုစွဲချက်များအတွက် သူ့တွင်အပြစ်ရှိကြောင်း ကော်ဇံမှ ဝန်ခံထွက်ဆိုခဲ့ပြီးဖြစ်သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

ပြစ်ဒဏ်စီရင်ချက်ကို ထုတ်ပြန်ကြေညာရာတွင် တရားသူကြီး အင်ဒရီယန်ဖူးဖောဒ်က ဤမှုခင်း၏ အသေးစိတ်မှာ " အလွန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းကြေကွဲဖွယ် လုံးဝလူမဆန်သော ရက်စက်ကြမ်းကြုတ်မှု " ဟုဖော်ပြခဲ့သည်။  

စိတ်ပျက်ဖွယ် အသေးစိတ်ဖော်ပြချက်ထဲတွင် ရာဇဝတ်မှုတစ်ခုလုံးကို အကွက်ကျကျ စီစဉ်ထားလျက် ကူဇံသည်  "အဖော်မပါ တစ်ကိုယ်တည်း မိန်းမသားကို ပြန်ပေးဆွဲ မုဒိန်းကျင့်ရန် သားကောင်အဖြစ် ပစ်မှတ်ထားခဲ့သည်" "ပြောမထွက်နိုင်လောက်အောင် ဆိုးရွားလွန်း" ဟု အဆိုပါတရားသူကြီးက မှတ်ချက်ပြုခဲ့သည်။

ထိုမှုခင်းဖြစ်ရပ်၏ ကြီးလေးမှုမှာ တရားခံအား ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ရလောက်အောင် ပင် "ခြွင်းချက်မရှိ ပြင်းထန်မြင့်မားကြောင်း" ဖူးဖော့က ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုစီရင်ချက်အရ ဆိုလျှင် ကူဇံသည် လွှတ်ငြိမ်းချမ်းသာခွင့်များ ခံစားနိုင်မည့် အနေအထား မရှိတော့ဘဲ ထောင်တွင်း၌သာ သေဆုံးရမည့်သဘော ဖြစ်သည်။

ဈေးကွက် အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ အက်ဗရက်၏ ရုပ်အလောင်းအား သူမပျောက်ဆုံးပြီး တစ်ပတ်အကြာတွင် လန်ဒန်အရှေ့တောင်ဘက်ရှိ မိုင်ခြောက်ဆယ်( ၁၀၀ ကီလိုမီတာနီးပါးခန့်) ရှိ Kent ပြည်နယ်၊ Ashford တွင်ရှိသော သစ်တောတစ်ခုတွင် တွေ့ရှိခဲ့သည်။ တရားခံကူဇံသည် သူမကို မီးမရှို့မီ သူ၏ ရဲခါးပတ်ဖြင့် လည်ပင်းညှစ်ကာ  သတ်ဖြတ်ခဲ့သည်ဟု အစိုးရရှေ့နေများက ပြောကြောင်း AP သတင်းတွင် ဖော်ပြထားသည်။