ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို တားဆီးဖို့ တရုတ် ဘာတွေလုပ်နေသလဲ

ဝူဟန်ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၀ ကျော် ကူးစက်ခံရသူပေါင်း ၂၀၀၀ ဝန်းကျင် ရှိသွားပြီဖြစ်ပါတယ်။

By Foreign Desk 26 Jan 2020

တရုတ်နှစ်ကူးရုံးပိတ်ရက်တွေ စတင်ဖို့ တစ်ရက်အလိုမှာပဲ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု စတင်ပေါ်ပေါက်ခဲ့တာ ဖြစ် ပါတယ်။ (ဓာတ်ပုံ - AFP)

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်နွယ်ဝင် ဗိုင်းရပ်စ်အသစ်တစ်မျိုးဟာ ယခုအခါ ကမ္ဘာတဝန်းကူးစက်ခံရသူပေါင်း ၂၀၀၀ ဝန်းကျင် အထိရှိပြီး သေဆုံးသူ ၅၀ ကျော်သွားပြီဖြစ်ပါတယ်။

အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါဝေဒနာတွေဖြစ်ပေါ်စေတဲ့ ဒီဗိုင်းရပ်စ်ကို ကုသ၊ ကာကွယ်နိုင်တဲ့ ဆေးဝါးတွေမရှိသေး သလို ဒီဗိုင်းရပ်စ်က လူတွေကိုဘယ်လောက်ထိ အန္တရာယ်ပေးနိုင်တယ်ဆိုတာကိုလည်း တိတိကျကျမသိနိုင်သေးတာ ကြောင့် တရုတ်နိုင်ငံမှာသာမကဘဲ ကမ္ဘာတဝန်းမှာပါ စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။

အခုလိုအခြေအနေမှာ တရုတ်နိုင်ငံ အနေနဲ့ ဝူဟန်ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတွေကို ထိန်းချုပ်တားဆီးနိုင်ဖို့အတွက် ဘယ်လိုအစီအမံမျိုးတွေလုပ်ဆောင်နေသလဲ ဆိုတာနဲ့ပတ်သက်လို့ CNA သတင်းဌာနမှာ တင်ပြထားတာကို ဆီလျော်အောင် ကောက်နုတ် ဖော်ပြလိုက်ပါတယ်။

မြို့တွေကို အဝင် အထွက် ပိတ်ဆို့ပြီး သယ်ယူပို့ဆောင်ရေးတွေ ဆိုင်းငံ့ခြင်း

တရုတ်အာဏာပိုင်တွေဟာ ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် မြို့ပေါင်း ၁၃ မြို့ကို အဝင် အထွက် ပိတ်ဆို့ထားပါတယ်။ လေယာဉ်၊ ရထား၊ ဘတ်စ်ကား၊ ခရီးသည်တင်သင်္ဘောတို့လို အများပြည်သူသယ်ယူပို့ဆောင်ရေး တွေကိုလည်း ဝူဟန်အပါအဝင် အဲဒီလို ပိတ်ဆို့ထားတဲ့မြို့တွေကနေ ထွက်ခွာခြင်း၊ ယင်းမြို့တွေကိုဝင်ရောက်ခြင်းတွေ ပိတ်ဆို့ထားလိုက်ပါတယ်။ လမ်းတစ်ဝက်မှာ ရောက်နှင့်နေပြီးသားလူတွေကိုလည်း ရှေ့ခရီးမဆက်ဘဲ သူတို့ထွက်ခွာလာရာနေရာကို ပြန်ကြဖို့ ညွှန်ကြားခဲ့ပါတယ်။

အရေးပေါ်ဆေးရုံအသစ်များ ဆောက်လုပ်ခြင်းနှင့် စစ်တပ်၏ပူးပေါင်းပါဝင် ဆောင်ရွက်လာမှု

တရုတ်အစိုးရဟာ စစ်ဘက်ဆိုင်ရာဆေးဝန်ထမ်းပေါင်း ၄၅၀ ခန့်ကို ဝူဟန်ကို စေလွှတ်ခဲ့ပါတယ်။ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ မြင့်တက်လာပြီး ဆေးရုံတွေမှာ လူနာတွေ အလွန်အမင်းများပြားနေကာ ဆေးဝါးလိုအပ်ချက်တွေရှိနေခြင်းကို ဖြေရှင်းဖို့ အတွက် အဲဒီလိုစေလွှတ်တာပါ။ ဝူဟန်မြို့ကိုစေလွှတ်တဲ့ စစ်ဘက်ဆိုင်ရာဆေးဝန်ထမ်းတွေဟာ ဆားစ် နဲ့ အီဘိုလာ တို့လို ကူးစက်ရောဂါဆိုင်ရာ အတွေ့အကြုံရှိသူတွေ ဖြစ်ပါတယ်။

ဝူဟန်မြို့မှာ ပြည်သူတွေဟာ ဆရာဝန်နဲ့တွေ့ခွင့်ရဖို့အရေး နာရီပေါင်းများစွာ စောင့်ဆိုင်းရလျက်ရှိပါတယ်။ ဒါကြောင့် လူနာနဲ့ ဆေးရုံမျှတစေဖို့အတွက် တရုတ်အာဏာပိုင်တွေဟာ ကုတင်ရာဂဏန်းဆံ့တဲ့ အရေးပေါ်ဆေးရုံ ၂ ရုံကိုလည်း ဆောင်လုပ်လျက်ရှိပြီး တစ်ပတ်အတွင်းမှာပဲ တည်ဆောက်မှုပြီးစီးလိမ့်မယ်လို့ တရုတ်နိုင်ငံပိုင်သတင်းဌာနက ပြောပါတယ်။

ကမ္ဘာလှည့်ခရီးသွားများ အဓိကလည်ပတ်ရာနေရာများ ပိတ်ခြင်း၊ ပျော်ပွဲရွှင်ပွဲအခမ်းအနားများ ဖျက်သိမ်းခြင်း

တရုတ်နိုင်ငံအတွင်းရှိ ကမ္ဘာလှည့်ခရီးသွားများ အဓိကလည်ပတ်ရာနေရာတွေကို ပိတ်ထားလိုက်ရပါတယ်။ တရုတ်နိုင်ငံရဲ့ ကမ္ဘာကျော် မဟာတံတိုင်းကြီးရဲ့ အချို့အပိုင်းတွေကိုပါ ပိတ်လိုက်တာပါ။ တရုတ်နှစ်သစ်ကူးကာလ လူအများစုဝေးကျင်းပ မယ့် ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေကိုလည်း ဖျက်သိမ်းလိုက်ပါတယ်။

တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုများ တားမြစ်ခြင်း

ဈေးတွေ၊ ဆူပါမားကတ်တွေ၊ စားသောက်ဆိုင်တွေနဲ့ အွန်လိုင်းမှာ တောရိုင်းတိရစ္ဆာန်တွေ ရောင်းဝယ်ဖောက်ကားခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တားမြစ်ပိတ်ပင်လိုက်ကြောင်း တရုတ်အာဏာပိုင်တွေက ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ကြေညာတဲ့နေ့ကနေ အမိန့်မရုတ်သိမ်းမချင်း ဘယ်လိုတောရိုင်းတိရစ္ဆာန်မျိုးကိုမဆို သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း မပြုလုပ်ရဘူးလို့ အမိန့်ထုတ်ပြန်လိုက်တာပါ။ တောရိုင်းတိရစ္ဆာန်တွေကို သားဖောက်တဲ့နေရာတွေကို သီးခြားခွဲခြားထားဖို့လည်း အာဏာပိုင်တွေရဲ့ ကြေညာချက်ထဲမှာပါဝင်ပါတယ်။

ဝူဟန်ဗိုင်းရပ်စ်ဟာ ဝူဟန်မြို့ရှိ ပင်လယ်စာဈေးတစ်ခုကနေ စတင်ကူးစက်ပျံ့နှံ့တာလို့ လေ့လာတွေ့ရှိမှုတွေအရ ယူဆရပါတယ်။