- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ယခုနှစ်ဆေးပညာနိုဘယ်ဆုအား ကင်ဆာကုသရေး သုတေသနပြုသော ဆေးသိပ္ပံပညာရှင် ၃ ဦးပူးတွဲဆွတ်ခူး
ဝီလျံကယ်လင်းဂျူနီယာ၊ ဆာပီတာရက်ကလစ်ဖ် နှင့် ဂရက်ဆမင်ဇာ တို့ ၃ ဦး၏ ယခုလေ့လာတွေ့ရှိမှုသည် သွေးအားနည်းရောဂါ၊ ကင်ဆာတို့အပါအဝင် ရောဂါအများအပြားကို ကုသရေးအတွက် အရေးပါသောနည်းလမ်းများ ရှာဖွေနိုင်ရေးအတွက် လမ်းခင်းပေးလိမ့်မည်ဟု နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက တနင်္လာနေ့တွင် ကြေညာခဲ့သည်။
08 Oct 2019

၂၀၁၉ ခုနှစ်အတွက် ဆေးပညာနိုဘယ်ဆုအား အောက်ဆီဂျင်အဆင့်ပြောင်းလဲမှုအပေါ် လူသားများ၏ဆဲလ်များ တုံ့ပြန်ပုံကို လမ်းသစ်ထွင်သုတေသနပြုလေ့လာသော ဆေးသိပ္ပံပညာရှင် ၃ ဦးက ပူးတွဲဆွတ်ခူးသွားကြောင်း CNN သတင်းတွင် ဖော်ပြထားသည်။
ဝီလျံကယ်လင်းဂျူနီယာ၊ ဆာပီတာရက်ကလစ်ဖ် နှင့် ဂရက်ဆမင်ဇာ တို့ ၃ ဦး၏ ယခုလေ့လာတွေ့ရှိမှုသည် သွေးအားနည်းရောဂါ၊ ကင်ဆာတို့အပါအဝင် ရောဂါအများအပြားကို ကုသရေးအတွက် အရေးပါသောနည်းလမ်းများ ရှာဖွေနိုင်ရေးအတွက် လမ်းခင်းပေးလိမ့်မည်ဟု နိုဘယ်ဆုချီးမြှင့်ရေးကော်မတီက တနင်္လာနေ့တွင် ကြေညာခဲ့သည်။
လူ့ခန္ဓာကိုယ်အတွင်း အောက်ဆီဂျင်၏အရေးပါပုံကို အခိုင်အမာသက်သေပြထားသည်မှာ ကာလကြာရှည်ရှိပြီဖြစ်သော်လည်း အောက်ဆီဂျင်အဆင့်ပြောင်းလဲမှုအလိုက် ဆဲလ်များ၏တုံ့ပြန်အလုပ်လုပ်ပုံကိုမူ သိရှိထားခဲ့ခြင်းမရှိကြောင်း ဆုချီးမြှင့်ရေးကော်မတီက ၎င်း၏ကြေညာချက်တွင် ရှင်းပြထားသည်။
ယခုတွေ့ရှိမှုသည် ပြဋ္ဌာန်းစာအုပ်တွင်ပါဝင်မည့် တွေ့ရှိမှုမျိုးဖြစ်သည်ဟုလည်း နိုဘယ်ဆုချီးမြှင့်ရေးကော်မတီဝင်တစ်ဦးဖြစ်သူ ရန်ဒဲလ်ဂျွန်ဆင်က ပြောကြားသည်။
"ဒါဟာ အခြေခံဇီဝဗေဒကျောင်းသားတစ်ဦး အသက် ၁၂ နှစ် ၁၃ နှစ်၊ ဒါမှမဟုတ် အဲဒီထက်ငယ်ရွယ်တဲ့ အသက်အရွယ်မှာတင် သင်ယူရမယ့် ဆဲလ်များရဲ့အလုပ်လုပ်ပုံ အခြေခံနည်းလမ်းတွေပါပဲ။ ဒါဟာ ဆဲလ်တစ်ခုရဲ့ အလုပ်လုပ်ပုံ အခြေခံလက္ခဏာသွင်ပြင်တစ်ရပ်ဖြစ်ပြီးတော့ ဒီတစ်ချက်တည်းနဲ့တင်တောင် အလွန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့တွေ့ရှိမှုပဲ ဖြစ်ပါတယ် " ဟု ၎င်းကပြောကြားသည်။
ဆေးပညာနိုဘယ်ဆုပူးတွဲရရှိသူ ၃ ဦးထဲမှ ဝီလျံကယ်လင်းဂျူနီယာသည် နယူးယောက်မြို့ဖွား၊ အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်ကာ ကိုယ်ပိုင်သုတေသနဓါတ်ခွဲခန်းတစ်ခု ထူထောင်ထားပြီး ၂၀၀၂ ခုနှစ်ကတည်းက ဟားဗတ်ဆေးပညာကျောင်းတွင် အချိန်ပြည့်ပါမောက္ခအဖြစ် ထမ်းဆောင်နေသူတစ်ဦးဖြစ်သည်။
ဂရက်ဆမင်ဇာမှာလည်း နယူးယောက်မြို့ဖွား၊ အမေရိကန်နိုင်ငံသားတစ်ဦးပင်ဖြစ်ကာ ၁၉၉၉ ခုနှစ်ကတည်းက ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်တွင် အချိန်ပြည့်ပါမောက္ခအဖြစ် လုပ်ကိုင်လာခဲ့သူဖြစ်ပြီး ၂၀၀၃ ခုနှစ်မှစ၍ Johns Hopkins Institute of Cell Engineering ရှိ Vascular Research Program ၏ ဒါရိုက်တာအဖြစ်လည်း တာဝန်ယူထားသူဖြစ်သည်။
ဆာပီတာရက်ကလစ်ဖ်မှာမူ ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်ပြီး ဆေးပညာကို ကင်းဘရစ်တက္ကသိုလ်တွင် လေ့လာသင်ယူခဲ့ကာ အောက်စဖို့ဒ်တက္ကသိုလ်တွင် လွတ်လပ်သောသုတေသနအဖွဲ့တစ်ဖွဲ့ထူထောင်ထားသလို ၁၉၉၆ ခုနှစ်ကတည်းက အချိန်ပြည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။