ကမ္ဘာတစ်ဝန်း ကိုဗစ်ကြောင့် သေဆုံးသူ ၁ သန်းပြည့်ပြီ

ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်းသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ၁ သန်းပြည့်သွားပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

By Foreign Desk 29 Sep 2020

(ဓာတ်ပုံ - Reuters)

ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်းသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ၁ သန်းပြည့်သွားပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း နိုင်ငံအများအပြားတွင် ကူးစက်မှု တစ်ဟုန်ထိုး မြင့်တက်ခဲ့သလို သေဆုံးမှုရာခိုင်နှုန်းသည်လည်း ပိုမိုမြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်က ဆိုသည်။

ယခုနှစ်တွင် ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် နှစ်စဉ် ငှက်ဖျားကြောင့်သေဆုံးသူဦးရေထက် နှစ်ဆ ပိုမိုများပြားသည်။ ရိုက်တာသတင်းဌာန၏ တွက်ချက်မှုအရ နေ့စဉ် တစ်ရက်လျှင် ပျမ်းမျှသေဆုံးသူ ၅၄၀၀ ထက်မနည်း ရှိသည်ဟု ဆိုသည်။

သို့သော်လည်း စစ်ဆေးခြင်းနှင့် စာရင်းကောက်ယူခြင်းများ အတိအကျ မဆောင်ရွက်နိုင်မှု၊  နိုင်ငံအချို့၏ စာရင်းဖုံးကွယ်မှုများကြောင့် အမှန်တကယ် သေဆုံးမှုနှင့် ကူးစက်မှုအရေအတွက်သည် ယခုသိထားသည်ထက် ပိုမိုများပြားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။

အမေရိကန်၊ အင်ဒိုနီးရှား၊ ဘိုလီးဗီးယား၊ တောင်အာဖရိကနှင့် ယီမင်နိုင်ငံများတွင် အလောင်းများမြေမြှုပ်ရန် သုသာန်မြေနေရာ မလုံလောက်တော့သဖြင့် သုသာန်နေရာသစ်များ သတ်မှတ်ပေးထားရကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

သေဆုံးမှုတွင် အမေရိကန်၊ ဘရာဇီးနှင့် အိန္ဒိယနိုင်ငံတို့သည် အမြင့်ဆုံးဖြစ်ပြီး ၃ နိုင်ငံပေါင်း သေဆုံးမှုသည် တစ်ကမ္ဘာလုံး သေဆုံးသူပမာဏ၏ ၄၅ ရာခိုင်နှုန်းခန့် ရှိသည်။

သို့သော်လည်း အဆိုပါ သုံးနိုင်ငံလုံးတွင် ကိုဗစ်ကာကွယ်ရေး အတွက် အချင်းချင်း ခပ်ခွာခွာနေရမည့် Social Distancing တားမြစ်မိန့် ကို ပယ်ဖျက်လိုက်ကြပြီဖြစ်သည်။

လက်ရှိနှုန်းထားအတိုင်းသာ ဆက်သွားနေပါက အိန္ဒိယသည် ယခုနှစ်ကုန်ပိုင်းတွင် ကူးစက်မှုပမာဏ၌ အမေရိကန်ကို ကျော်တက်သွားနိုင်ခြေ ရှိနေကြောင်း ရိုက်တာသတင်းဌာနက တွက်ချက်ထားသည်။
သို့သော်လည်း အိန္ဒိယဝန်ကြီးချုပ်မိုဒီကမူ နိုင်ငံတွင် ချွတ်ခြုံကျသွားသည့် စီးပွားရေး နာလန်ထူလာစေရေးအတွက် လော့ဒေါင်းစည်းကမ်းများအား ဖြေလျှော့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

သေဆုံးမှုစုစုပေါင်း၏ လေးပုံတစ်ပုံမှာ ဥရောပနိုင်ငံများမှဖြစ်သည်။ အဆိုပါနိုင်ငံများတွင် သီတင်းပတ်အနည်းငယ်အတွင်း ဆောင်းတွင်းငှက်ဖျားရာသီ ရောက်တော့မည်ဖြစ်သဖြင့် သတိထားပေးကြရန် WHO က သတိပေးထားသည်။

၂၀၁၉ ဒီဇင်ဘာလ၌ တရုတ်ပြည် ဝူဟန်မြို့တွင် စတင်တွေ့ရှိခဲ့ရသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး လူသေဆုံးမှုမှာ ၂၀၂၀ ဇန်နဝါရီလတွင် ဖြစ်သည်။ ထိုအချိန်မှစတင်၍ သေဆုံးမှုများ မြင့်တက်လာခဲ့ရာ သေဆုံးမှု စုစုပေါင်း၏ ထက်ဝက်ပမာဏရှိသည့် သန်းထက်ဝက်ခန့်မှာ ယခုနောက်ဆုံး ၃ လခန့်အတွင်း သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။

ကမ္ဘာတစ်ဝန်းတွင် စက်တင်ဘာလ ၂၉ ရက်နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်းမှာ ၃၃ သန်းခွဲရှိသည်။ သေဆုံးမှုစုစုပေါင်းမှာ ၁,၀၀၆,၈၆၈ ရှိကြောင်း ကိုဗစ်အချက်အလက်များအား အချိန်နှင့်တစ်ပြေးညီ ဖော်ပြပေးနေသည့် Worldometer ဝက်ဆိုက်တွင် ဖော်ပြထားသည်။ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်းမှာ ၂၅ သန်းခန့်ရှိသည်။