ဗိုင်းရပ်စ်ပြန့်ပွားမှုတိုက်ဖျက်ရန် စပိန်နှင့်ပြင်သစ်တွင် နိုင်ငံလုံးချီတားမြစ်မိန့်များ ထုတ်ပြန်

လူဦးရေ ၄၆ သန်းခန့်ရှိသည့် စပိန်နိုင်ငံတွင် တစ်နိုင်ငံလုံးနီးပါး အိမ်ပြင်ထွက်ခွင့်ကို တားမြစ်ထားကာ အလုပ်သွားရန်၊ ဆေးဝါးနှင့် အစားအစာဝယ်ယူရန် လောက်သာ သွားလာခွင့်ပေးထားသည်။

By Foreign Desk 15 Mar 2020

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စစ်ဆေးမှုခံယူခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားခြင်းမရှိကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။ (ဓာတ်ပုံ - AFP)

ကမ္ဘာတစ်ဝန်း ကူးစက်သူ တစ်သိန်းခွဲရှိသွားပြီဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကာကွယ်ရန်အတွက် စပိန်နှင့် ပြင်သစ်နိုင်ငံတို့၌ တားမြစ်ချက်အများအပြား ထုတ်ပြန်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လူဦးရေ ၄၆ သန်းခန့်ရှိသည့် စပိန်နိုင်ငံတွင် တစ်နိုင်ငံလုံးနီးပါး အိမ်ပြင်ထွက်ခွင့်ကို တားမြစ်ထားကာ အလုပ်သွားရန်၊ ဆေးဝါးနှင့် အစားအစာဝယ်ယူရန် လောက်သာ သွားလာခွင့်ပေးထားသည်။

စပိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၉၆ ဦးရှိသွားပြီဖြစ်ကာ ဥရောပနိုင်ငံများအနက် အီတလီပြီးလျှင် သေဆုံးမှုအများဆုံးဖြစ်သည်။ ဗိုင်းရပ်စ်ကူးစက်ခံရသူများထဲတွင် ဝန်ကြီးချုပ် ပီဒရိုဆန်းချက်၏ ဇနီးလည်း ပါဝင်သည်။

ပြင်သစ်တွင်လည်း အီဖယ်မျှော်စင်ကဲ့သို့ နာမည်ကြီးနေရာများ အပါအဝင် စားသောက်ဆိုင်၊ ဘား၊ ရုပ်ရှင်ရုံ၊ နိုက်ကလပ်များအား ပိတ်ရန် အမိန့်ထုတ်ပြန်ထားသည်။ အစားအသောက်နှင့် ဆေးဝါး ရောင်းချသောဆိုင်များနှင့် ဘဏ်များကိုမူ ပုံမှန်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အစိုးရက ကြေညာထားသည်။ ရွေးကောက်ပွဲကိုလည်း မူလစီစဉ်ထားသည့်အတိုင်း တနင်္ဂနွေနေ့တွင် ကျင်းပမည်ဖြစ်သည်။

ဖိလစ်ပိုင် မြို့တော်မနီလာကို ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ကမ်းခြေစောင့်တပ်တို့ ပူးပေါင်းက အဝင်အထွက်များ ပိတ်ဆို့ထားလိုက်ပြီဖြစ်သည်။ (ဓာတ်ပုံ - AP)

အမေရိကန်တွင်လည်း သမ္မတဒေါ်နယ်ထရမ့်သည် စစ်ဆေးမှုခံယူခဲ့ရပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ထားခြင်းမရှိကြောင်း အိမ်ဖြူတော်က သတင်းထုတ်ပြန်ထားသည်။ အမေရိကန်နိုင်ငံတွင်းသို့ ဥရောပနိုင်ငံများ အပါအဝင် ယူကေနှင့် အိုင်ယာလန်နိုင်ငံများမှ ခရီးသွားများဝင်ရောက်ခွင့်ကိုလည်း တားမြန်လိုက်သည်။ အဆိုပါတားမြစ်မိန့်သည် တနင်္လာနေ့ညဉ့်သန်းခေါင်တွင် စတင်အသက်ဝင်မည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင်လည်း လူဦးရေ ၁၂ သန်းကျော်ရှိသည့် မြို့တော်မနီလာကို ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် ကမ်းခြေစောင့်တပ်တို့ ပူးပေါင်းက အဝင်အထွက်များ ပိတ်ဆို့ထားလိုက်ပြီဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။ ပြည်သူလူထုအား အိမ်ပြင်မထွက်ရန် ပန်ကြားထားပြီး တရားဝင်တားမြစ်မိန့် ထုတ်ပြန်ရန် စီစဉ်နေကြောင်းလည်း ဖိလစ်ပိုင်မြို့တော်ဝန်က သတင်းထုတ်ပြန်သည်။

ကမ္ဘာတစ်ဝန်းတွင် တနင်္ဂနွေနေ့အထိ ဗိုင်းရပ်စ်ကူးစက်မှု စုစုပေါင်း ၁၅၆,၀၀၀ ၊ သေဆုံးသူ ၅,၈၀၀ ကျော် ရှိသွားပြီဖြစ်ကြောင်း အေအက်ဖ်ပီသတင်းများအရ သိရသည်။

ဆက်စပ်ဖတ်ရှုရန် -
■ ကမ္ဘာတလွှား ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသော်လည်း တရုတ်မှာ အသစ်ကူးစက်နှုန်း မရှိသလောက်ထိုးကျ
■ အမေရိကန်ဆေးရုံများ၌ ကိုရိုနာကူးစက်လူနာ ၉၆ သန်းအထိ ကုသပေးနိုင်အောင် ပြင်ဆင်
■ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ