တရုတ်အထူးသံတမန် မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် တစ်ပတ်ကျော်ကြာ လာရောက်တွေ့ဆုံ

တရုတ်၏ အာရှရေးရာ အထူးသံတမန် ဆွန်ကော်ရှန်းသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

04 Sep 2021

အာရှရေးရာ တရုတ်အထူးသံတမန် ဆွန်ကော်ရှန်းနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၁၇ ခုနှစ် မေလ ၂၃ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ - Xinhua)

DMG ၊ စက်တင်ဘာ ၄

တရုတ်၏ အာရှရေးရာ အထူးသံတမန် ဆွန်ကော်ရှန်းသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ပြီး စစ်တပ်ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်၏ အာဏာသိမ်းမှုအပေါ် အနောက်နိုင်ငံအများစုက ရှုတ်ချကြသော်လည်း တရုတ်ကမူ မြန်မာအပေါ် ပိုမိုပျော့ပျောင်းသော ဆက်ဆံရေး ထားရှိသလို မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးသည် တရုတ်အတွက် ဦးစားပေးကိစ္စရပ် ဖြစ်ကာ မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်မည်မဟုတ်ကြောင်း ပြောကြားထားသည်။

ဆွန်ကော်ရှန်း၏ ခရီးစဉ်သည် မြန်မာနိုင်ငံတွင် သြဂုတ်လ ၂၁ ရက်မှ ၂၈ ရက်အထိ တစ်ပတ်ကျော် ကြာမြင့်ခဲ့သည်။

ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အစိုးရအဖွဲ့ရုံးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့နှင့် တွေ့ဆုံးခဲ့ပြီး မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်ပြီး နှစ်ဘက်အမြင်များ ဖလှယ်ခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဝန်ဝမ်ဘင်က အင်္ဂါနေ့တွင် ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့ မြန်မာ့ လူမှုဘဝတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် စောနိုင်သမျှစောစော အပြုသဘောဆောင်တဲ့ တည်ဆောက်ရေး အခန်းကဏ္ဍကနေ နိုင်ငံတကာအသိုင်းအဝိုင်း နဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ဝန်ဝမ်ဘင်က ဘေကျင်းတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ရန်ကုန်ဆိပ်ကမ်းမှ တရုတ်ပြည် ယူနန်ခရိုင်အထိ ရောက်ရှိပြီး စီချွမ်ခရိုင် အနောက်တောင်ပိုင်းရှိ ချန်ဒူးအထိ ရထားလမ်းပေါက်မည့် ကုန်သွယ်ရေးလမ်းကြောင်းသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။

အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခြင်းသည် တရုတ်-မြန်မာ ကုန်သွယ်ဖက်ဆက်ဆံရေးကို အားသစ်လောင်းရာတွင် အရေးပါသော ကျော်ဖြတ်မှုတစ်ခုဟု တရုတ်သံရုံး၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။