သမ္မတဟောင်းထရမ့်၏ ကိုယ်ပိုင်ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းသစ် တနင်္လာနေ့ စတင်ဖြန့်ချိ

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသစ် “Truth Social” ကို ယခုသီတင်းပတ်အတွင်း ဖြည်းဖြည်းချင်း စတင်ဖြန့်ချိသွားရန် စီစဉ်လျက်ရှိပြီး မတ်လနှောင်းပိုင်းတွင် “အပြည့်အဝလည်ပတ်” နိုင်ခြေရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 22 Feb 2022

သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ “Truth Social” လူမှုမီဒီယာအက်ပ်အသစ်ကို စမတ်ဖုန်းတစ်ခု၏ မျက်နှာပြင်ပေါ်၌တွေ့မြင်ရပုံ။ ဓာတ်ပုံ - AFP

DMG | ဖေဖေါ်ဝါရီ ၂၂

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသစ် “Truth Social” ကို ယခုသီတင်းပတ်အတွင်း ဖြည်းဖြည်းချင်း စတင်ဖြန့်ချိသွားရန် စီစဉ်လျက်ရှိပြီး မတ်လနှောင်းပိုင်းတွင် “အပြည့်အဝလည်ပတ်” နိုင်ခြေရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အထင်ကရ ဆိုရှယ်မီဒီယာကြီးများတွင် အကောင့်များ တစ်နှစ်ကျော်ကြာ ပိတ်ပင်ခံထားရသော ထရမ့်၏ ပုံရိပ်အား ၎င်းအက်ပ်မှတဆင့် ပြန်လည်မြှင့်တင်လာနိုင်ဖွယ် ရှိနေကြောင်းလည်း သတင်းတွင် ဖော်ပြသည်။

"ဒီတစ်ပတ်မှာတော့ Apple App Store ပေါ်ကလူတွေကို စတင်ဖြန့်ချိမှာပါ" ဟု အက်ပ်အသစ်၏ မိခင်ကုမ္ပဏီဖြစ်သည့် ထရမ့် မီဒီယာနှင့်နည်းပညာအဖွဲ့မှ စီအီးအိုဖြစ်သူ ရီပတ်ဘလီကန်အမတ်ဟောင်း ဒယ်ဗင်နွန်းက ကွန်ဆာဗေးတစ် ဖောက်စ်နယူးစ် သတင်းဌာနသို့ တနင်္ဂနွေနေ့တွင် ဖြေကြားခဲ့သည်။

"မတ်လကုန်ပိုင်းမှာ အနည်းဆုံးတော့ အမေရိကန်ပြည်ထောင်စုအတွင်း အပြည့်အဝ လည်ပတ်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ဒယ်ဗင်နွန်းက ဖြည့်စွက်ပြောကြားသည်။ နွန်းသည် ထရမ့်အဖွဲ့ကို ဦးဆောင်ရန်အတွက် အမေရိကန် အောက်လွှတ်တော်မှ နှုတ်ထွက်ခဲ့သူလည်း ဖြစ်သည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့၌ ထရမ့်ကိုထောက်ခံကြသူများက အမေရိကန်လွှတ်တော် အဆောက်အအုံကို တိုက်ခိုက်ခဲ့ကြပြီးနောက်တွင် ထရမ့်အား တားမြစ်ပိတ်ပင်ထားကြသော ဖေ့ဘုတ်၊ တွစ်တာ နှင့် ယူကျူ့များအပြင် အခြားရွေးချယ်စရာတစ်ခုအဖြစ် “Truth Social” အား ထရမ့်ကဖော်ပြခဲ့သည်။

သမ္မတဟောင်းထရမ့်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲရန်အတွက် ၎င်း၏နောက်လိုက်များအား အင်အားသုံးရန် တိုက်တွန်းလှုံ့ဆော်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

“Truth Social” အက်ပ်အား အမေရိကန်နိုင်ငံ၏ အများပြည်သူရုံးပိတ်ရက် သမ္မတများနေ့ ဖြစ်သော တနင်္လာနေ့တွင် စတင်အသုံးပြုနိုင်ရန်အတွက် အက်ပ်စတိုးက ဝင်ရောက်ကြည့်ရှုကြသူများကို တနင်္ဂနွေနေ့တည်းက ကြိုတင်မှာယူခွင့် ပြုခဲ့သည်။