အာဖဂန်ကလေးငယ် ၁.၁ သန်း အာဟာရချို့တဲ့မှုဒဏ် ပြင်းထန်စွာ ရင်ဆိုင်ရနိုင်

အာဖဂန်နစ္စတန်တွင် ကုလသမဂ္ဂ၏ အဆိုအရ အသက် ၅ နှစ်အောက်ကလေးငယ် ၁.၁ သန်းသည် ယခုနှစ်တွင် အဆိုးရွားဆုံးသော အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းနှင့် ဆာလောင်မွတ်သိပ်၍ ကြုံလှီပိန်ချုံးနေသော ကလေးငယ်များကို ဆေးရုံ ဆေးခန်းများသို့ ခေါ်ဆောင်လာမှု များပြားလျက်ရှိကြောင်း သိရသည်။

30 May 2022

ဓာတ်ပုံ - AP

DMG ၊ မေ ၃၀

အာဖဂန်နစ္စတန်တွင် ကုလသမဂ္ဂ၏ အဆိုအရ အသက် ၅ နှစ်အောက်ကလေးငယ် ၁.၁ သန်းသည် ယခုနှစ်တွင် အဆိုးရွားဆုံးသော အာဟာရချို့တဲ့မှုနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်းနှင့် ဆာလောင်မွတ်သိပ်၍ ကြုံလှီပိန်ချုံးနေသော ကလေးငယ်များကို ဆေးရုံ ဆေးခန်းများသို့ ခေါ်ဆောင်လာမှု များပြားလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သောနှစ်က တာလီဘန်တို့ အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက် ကုလသမဂ္ဂနှင့် အခြားအကူအညီပေးရေး အေဂျင်စီများသည် အငတ်ဘေးကို အပြတ်အသတ် တွန်းလှန်နိုင်ခဲ့ပြီး လူသန်းပေါင်းများစွာကို ကျွေးမွေးသည့် အရေးပေါ်အကူအညီ အစီအစဉ်ကို စတင်ခဲ့ကြသည်။

သို့သော် ၎င်းတို့သည် အတောမသတ်သော ပိုမိုဆိုးဝါးလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်နိုင်စေရန်အတွက် ရုန်းကန်နေကြရသည်။ ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ဈေးနှုန်းများ မြင့်တက်လာနေပြီး ကတိပြုထားပြီးဖြစ်သည့် နိုင်ငံတကာမှ ရန်ပုံငွေများသည် ယခုချိန်အထိရရှိသေးခြင်း မရှိသေးသော်လည်း ဆင်းရဲမွဲတေမှုသည် တစ်လိပ်လိပ် ထိုးတက်လာနေပြီး ဆင်းရဲမွဲတေမှုကြောင့် အကူအညီများ လိုအပ်နေသည့် အာဖဂန်လူမျိုးများ ပိုမိုများပြားလာလျက်ရှိသည်ဟု ယခုလထုတ်ပြန်သည့် အကဲဖြတ် အစီရင်ခံစာအရ သိရသည်။

ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ အေဂျင်စီ UNICEF က ယခုနှစ်တွင် ကလေး ၁.၁ သန်းသည် အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းထန်စွာ ခံစားရဖွယ်ရှိကြောင်းနှင့် ၂ဝ၁၈ ခုနှစ်ကထက် နှစ်ဆနီးပါးနှင့် မနှစ်ကထက် ၁ သန်းနီးပါး တိုးလာသည်ဟု ဆိုသည်။

ပြင်းထန်စွာအာဟာရချို့တဲ့မှုသည် သေစေနိုင်လောက်သည့် အာဟာရချို့တဲ့မှု အမျိုးအစားဖြစ်ပြီး ကလေး၏ ခုခံအားစနစ်ကို ထိခိုက်ပျက်စီးစေလောက်သည်အထိ အစာအာဟာရချို့တဲ့မှု ဖြစ်သည်ဟု UNICEF အဆိုအရသိရသည်။ ၎င်းတို့သည် ရောဂါများကို ခုခံနိုင်ခြေနည်းလာပြီး နောက်ဆုံးတွင် အာဟာရဓာတ်များကို မစုပ်ယူနိုင်လောက်အောင် အားနည်းလာကြသည်။

ပြင်းထန်စွာအာဟာရချို့တဲ့မှု အတွက် ကျန်းမာရေးဆိုင်ရာ ပံ့ပိုးမှုများရှိသည့် ကျန်းမာရေးဌာနများသို့ ရောက်ရှိလာသည့် အသက် ၅ နှစ်အောက် ကလေးအရေအတွက်သည် ၂ဝ၂ဝ ခုနှစ် မတ်လတွင် ၁၆,ဝဝဝ ဦးမှ ၂ဝ၂၁ ခုနှစ် မတ်လတွင် ၁၈,ဝဝဝ ဦးသို့ မြင့်တက်သွားပြီး ၂ဝ၂၂ ခုနှစ် မတ်လတွင် ၂၈,ဝဝဝ ဦးသို့ မြင့်တက်သွားခဲ့ကြောင်း အာဖဂန်နစ္စတန်ရှိ UNICEF ကိုယ်စားလှယ် မိုဟာမက်အက်အာရိုရာက  ပြီးခဲ့သည့်သီတင်းပတ်တွင် တွစ်တာစာမျက်နှာ၌ ရေးသားခဲ့သည်။

ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှုဒဏ်ကိုခံခဲ့ရသလို နှစ်ပေါင်းများစွာ စစ်ပွဲများကြောင့် ဆုတ်ယုတ်ခဲ့ရသော အာဖဂန်နစ္စတန်သည် ငတ်မွတ်ခေါင်းပါးမှု အရေးပေါ်အခြေအနေနှင့် ယခင်တည်းက ရင်ဆိုင်နေခဲ့ရသည်။ သို့သော်  ဩဂုတ်လတွင်ဖြစ်ပွားခဲ့သော တာလီဘန်တို့၏သိမ်းပိုက်မှုက နိုင်ငံကို အကျပ်အတည်းအတွင်းသို့ ရောက်ရှိစေခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အေဂျင်စီများစွာ ဖယ်ရှားခံခဲ့ရခြင်းနှင့် အစိုးရအတွက် ဘီလီယံနှင့်ချီသော ငွေကြေးများ ဖြတ်တောက်ခံခဲ့ရသော နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုများကလည်း နိုင်ငံစီးပွားရေးကို ပြိုလဲစေခဲ့သည်။