မြောက်ပိုင်းပင်လယ်တွင် ရေနံနှင့်သဘောဝဓာတ်ငွေ့ တူးဖော်ခြင်း ဒိန်းမတ် အဆုံးသတ်မည်

ဒိန်းမတ်နိုင်ငံသည် မြောက်ပိုင်းကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း လုပ်ငန်းအားလုံးကို ၂၀၅၀ ခုနှစ်တွင် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဒိန်းမတ်သည် နောက်ဆုံးအကြိမ် တူးဖော်ရေးလိုင်စင် ချပေးမည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ “သဘာဝလောင်စာ တူးဖော်သည့်ခေတ်ကို အဆုံးသတ်တော့မည်” ဟု အစိုးရက ပြောကြားသည်။

By Foreign Desk 05 Dec 2020

(ဓာတ်ပုံ - AP)

ဒိန်းမတ်နိုင်ငံသည် မြောက်ပိုင်းကမ်းလွန်ပင်လယ်ပြင်ရှိ ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ခြင်း လုပ်ငန်းအားလုံးကို ၂၀၅၀ ခုနှစ်တွင် အဆုံးသတ်ရန် ဆုံးဖြတ်လိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဒိန်းမတ်သည် နောက်ဆုံးအကြိမ် တူးဖော်ရေးလိုင်စင် ချပေးမည့်အစီအစဉ်ကိုလည်း ဖျက်သိမ်းလိုက်ပြီဖြစ်သည်။ “သဘာဝလောင်စာ တူးဖော်သည့်ခေတ်ကို အဆုံးသတ်တော့မည်” ဟု အစိုးရက ပြောကြားသည်။

ဒိန်းမတ်နိုင်ငံသည် ကမ်းလွန်ပင်လယ်ပြင်တွင် ဓာတ်ငွေ့နှင့် ရေနံထုတ်ယူခြင်းကို ၁၉၇၂ ခုနှစ်တွင် စတင်ခဲ့ပြီး ဥရောပသမဂ္ဂတွင် ရေနံထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်သည်။ သဘာဝလောင်စာ ထုတ်ယူခြင်းကို ရပ်ဆိုင်းရန် ပြီးခဲ့သည့် ကြာသပတေးနေ့က ဒိန်းမတ်ပါလီမန်တွင် မဲခွဲဆုံးဖြတ်ခဲ့သည်။

ဒိန်းမတ်သည် ယခုနှစ်တွင် ရေနံစိမ်းစည်ပေါင်း ၈၃၀၀၀ ခန့် ထုတ်ယူခဲ့ပြီး နောက်ထပ် စည်ပေါင်း ၂၁၀၀၀ ထုတ်ယူမည်ဟု ခန့်မှန်းထားကြောင်း အစိုးရ၏ အချက်အလက်များအရ သိရသည်။

ယခုပမာဏသည် တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် တွက်လျှင် မပြောပလောက်ပေ။ ယူကေ၏ ရေနံထုတ်ယူမှုပမာဏသည် ဒိန်းမတ်ထက် ဆယ်ဆခန့် ပိုများသလို ကမ္ဘာအကြီးဆုံး ရေနံထုတ်လုပ်သူ အမေရိကန်ဆိုလျှင် ပြီးခဲ့သည့်နှစ်က နေ့စဉ် ရေနံစည် ၁၉ သန်းခန့် ထုတ်ယူခဲ့သည်။

သို့သော်လည်း ပတ်ဝန်းကျင်အရေး လှုပ်ရှားတက်ကြွသူများက ဒိန်မတ်၏ လုပ်ရပ်သည် အသိအမှတ်ပြုရမည့် အားထုတ်မှုတစ်ခုဖြစ်ကာ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကို တိုက်ဖျက်ရန် ရှေ့ဆက်ရမည့် ခရီးအတွက် အရေးပါကြောင်း ပြောကြားသည်။