- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ဆူဒန်သင်္ဘောနစ်မြုပ်မှုတွင် သိုးကောင်ရေထောင်ပေါင်းများစွာ ရေနစ်သေဆုံး
ထောင်ပေါင်းများစွာသော သိုးများအပြည့်အသိပ် တင်ဆောင်လာခြင်းကြောင့် ခံနိုင်ဝန် ကျော်လွန်နေသည့် သင်္ဘောတစ်စီးသည် ဆူဒန်နိုင်ငံပင်လယ်နီရှိ ဆူအာကင်ဆိပ်ကမ်းတွင် ဇွန်လ ၁၂ ရက်နေ့က နစ်မြုပ်ခဲ့သည်။ ထိုနစ်မြုပ်မှုတွင် သင်္ဘောပေါ် ပါသူအားလုံး အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း တိရစ္ဆာန်အများစုမှာ ရေနစ်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
14 Jun 2022
DMG ၊ ဇွန် ၁၄
ထောင်ပေါင်းများစွာသော သိုးများအပြည့်အသိပ် တင်ဆောင်လာခြင်းကြောင့် ခံနိုင်ဝန် ကျော်လွန်နေသည့် သင်္ဘောတစ်စီးသည် ဆူဒန်နိုင်ငံပင်လယ်နီရှိ ဆူအာကင်ဆိပ်ကမ်းတွင် ဇွန်လ ၁၂ ရက်နေ့က နစ်မြုပ်ခဲ့သည်။ ထိုနစ်မြုပ်မှုတွင် သင်္ဘောပေါ် ပါသူအားလုံး အသက်ရှင် လွတ်မြောက်ခဲ့သော်လည်း တိရစ္ဆာန်အများစုမှာ ရေနစ်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။
မွေးမြူရေးတိရစ္ဆာန်များတင်ပို့သည့် ကုန်တင်သင်္ဘောသည် သယ်ဆောင်ရမည့် ကောင်ရေ ထက်ပိုမိုကာ ထောင်ပေါင်းများစွာသော သိုးကောင်ရေများကို ဆူဒန်မှ ဆော်ဒီအာရေဗျသို့ တင်ပို့ရန် တင်ဆောင်ပြီးချိန်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။
“ဘာဒါ-၁ သင်္ဘောဟာ တနင်္ဂနွေနေ့မနက် အစောပိုင်းမှာ နစ်မြုပ်ခဲ့တာပါ။ သိုးကောင် ရေ ၁၅,၈၀၀ အထိတင်ဆောင်ခဲ့တယ်။ အဲဒါက သတ်မှတ်တန်ချိန်ထက် ပမာဏအများကြီး ကျော်လွန်နေပါတယ်” ဟု အမည်မဖော်လိုသူ ဆူဒန်လူမျိုး အကြီးတန်း ဆိပ်ကမ်းအရာရှိ တစ်ဦးက ပြောကြားသည်။
အမှန်တကယ်တွင် ထိုသင်္ဘောမှာ သိုးကောင်ရေ ၉,၀၀၀ သာ တင်ဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ အရာရှိကဆိုသည်။
ထိုမတော်တဆဖြစ်ရပ်ကြောင့် စီးပွားရေးနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများ ရှိလာမည်ကို စိုးရိမ်မိကြောင်း အခြားဆိပ်ကမ်းအရာရှိတစ်ဦးက ဆိုသည်။ ၎င်းမှာ သင်္ဘောပေါ်ပါသူ အလုပ်သမားများအားလုံးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သူ ဖြစ်သည်။
သင်္ဘောနစ်မြုပ်မှုကြောင့် ဆိပ်ကမ်းလုပ်ငန်းလည်ပတ်မှုကို သက်ရောက်မှုရှိမှာဖြစ်တယ် လို့လည်း ယင်းအရာရှိကဆိုသည်။
“သင်္ဘောပေါ်မှာတင်ဆောင်လာတဲ့ တိရစ္ဆာန်အများအပြား သေဆုံးမှုကြောင့် ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုဖြစ်လာနိုင်တယ်” ဟုလည်း သူကပြောသည်။
သင်္ဘောသည် ဆိပ်ခံတံတားပေါ်မှာ နာရီပေါင်းအတော်ကြာပြီးမှ တဖြည်းဖြည်း နစ်မြုပ်သွားခြင်း ဖြစ်ရာ ကယ်ဆယ်နိုင်ရန် အခွင့်အရေးရှိခဲ့ကြောင်း ဆူဒန်နိုင်ငံ ကုန်စည်တင်ပို့ သူများအသင်းအကြီးအကဲ အိုမာအယ်-ခါလီဖာက ပြောကြားသည်။
သင်္ဘောနစ်မြုပ်ခြင်းကြောင့် ဆုံးရှုံးမှုတန်ဖိုးအားဖြင့် ဆော်ဒီငွေ ရီယယ်စ် တန်ဖိုး ၁၄ သန်းခန့်ရှိပြီး၊ အမေရိကန်ဒေါ်လာ လေးသန်းနှင့်ညီမျှကြောင်း မွေးမြူရေးအသင်း ဌာနခွဲခေါင်းဆောင် ဆာလာ ဆယ်လင်းမ်က ပြောကြားသည်။ ဆူအာကင်ဆိပ်ကမ်းတွင် သိုးများကို တင်ဆောင်လာခြင်း ဖြစ်ကြောင်းကိုလည်း ၎င်းက အတည်ပြု ပြောဆိုခဲ့သည်။
မွေးမြူရေးပိုင်ရှင်များက သိုးကောင်ရေ ရ၀၀ ဝန်းကျင်ခန့်ကို ကယ်ဆယ်လိုက်နိုင်သော် လည်း ထိုသိုးများမှာ အလွန်အမင်း အခြေအနေဆိုးဝါးပြီး အသက်ရှင်ဖို့ မလွယ်ကြောင်း ယင်းကဆိုသည်။
ပြီးခဲ့သည့်လအတွင်းကလည်း ဆူအာကင်ဆိပ်ကမ်းကုန်တင်သင်္ဘောများအနီးတွင် အကြီးစား မီးလောင်မှုဖြစ်ပွားခဲ့ပြီး နာရီများစွာကြာမြင့်ကာ ပျက်စီးဆုံးရှုံးမှုလည်း ကြီးမားခဲ့သည်။ မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရပေ။