- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဖြုတ်ချခံဝန်ကြီးချုပ်အား ဆူဒန်စစ်တပ်က အာဏာပြန်လည်အပ်နှင်း
ဆူဒန်နိုင်ငံတွင် အာဏာသိမ်းဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ်သည် မူလရာထူးကို ပြန်လည်ရရှိမည့် သဘောတူညီချက်တစ်ရပ်အား စစ်တပ်နှင့် သဘောတူလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Nov 2021

DMG ၊ နိုဝင်ဘာ ၂၂
ဆူဒန်နိုင်ငံတွင် အာဏာသိမ်းဖြုတ်ချခံခဲ့ရသော ဝန်ကြီးချုပ်သည် မူလရာထူးကို ပြန်လည်ရရှိမည့် သဘောတူညီချက်တစ်ရပ်အား စစ်တပ်နှင့် သဘောတူလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆူဒန်စစ်တပ်သည် အာဏာသိမ်းပြီးနောက် ဝန်ကြီးချုပ် အဗ္ဗဒါလာဟမ်ဒေါ့အား တစ်လနီးပါး နေအိမ်အကျယ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။
ဒီမိုကရေစီအရေး ဆန္ဒဖော်ထုတ်မှုများ ဒါဇင်နှင့်ချီ ပေါ်ပေါက်အောင် လှုံ့ဆော်ခဲ့သည့် အဖွဲ့တစ်ဖွဲ့ကမူ ဝန်ကြီးချုပ်၏ သဘောတူညီချက်အား ပယ်ချလိုက်ပြီး “သစ္စာဖောက်မှုပုံစံတစ်မျိုး” ဟု ပြောကြားလိုက်သည်။
တနင်္ဂနွေနေ့တွင် ကျင်းပသည့် သဘောတူညီချက် လက်မှတ်ထိုးပွဲ အခမ်းအနားအား ဆူဒန်အစိုးရပိုင် ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။ ယခုသဘောတူညီချက်အရ ဝန်ကြီးချုပ် အဗ္ဗဒါလာဟမ်ဒေါ့သည် ရွေးကောက်ပွဲ မကျင်းပနိုင်သေးသည့် ကာလအတွင်း လွတ်လပ်သော ပညာရှင်ဝန်ကြီးအဖွဲ့ တစ်ခုကို ဦးဆောင်ရမည့်ဟု မျှော်လင့်ရသည်။
သို့သော် အစိုးရအဖွဲ့အနေဖြင့် မည်မျှအထိ လုပ်ပိုင်ခွင့်အာဏာ ရရှိမည်ကို တိတိပပ မသိရသလို စစ်တပ်၏ စောင့်ကြည့်မှုအောက်တွင် ရှိနေဦးမည် ဖြစ်ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ယခုသဘောတူညီချက်တွင် နိုင်ငံရေးပါတီများနှင့် ဒီမိုကရေစီအရေး လုပ်ရှားသည့်အုပ်စုများ ပါဝင် လက်မှတ်ထိုးခွင့် ရ မရလည်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ဤသဘောတူညီချက်အရ စစ်တပ်သည် အောက်တိုဘာလ ၂၅ ရက် အာဏာသိမ်းမှု ဖြစ်ပွားသည့် နေ့တည်းက လက်ရှိအထိ ဖမ်းဆီးထားသည့် အစိုးရဝန်ထမ်းများနှင့် နိုင်ငံရေးသမားများကို ပြန်လွှတ်ပေးမည်ဟု မျှော်လင့်ရသည်။
ဆူဒန်နိုင်ငံတွင် ကာလရှည်ကြာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့သူ အိုမာအာလ်ဘာရှီယာနှင့် ၎င်း၏ အစ္စလာမစ်အစိုးရအား လူထုအုံကြွမှုနှင့်အတူ ဖြုတ်ချနိုင်ခဲ့ပြီး ၂ နှစ်အကြာတွင် ထွက်ပေါ်လာသည့် ယခုအာဏာသိမ်းမှုကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းဝေဖန်ခဲ့ကြသည်။