ထိုင်းနိုင်ငံအတွင်း ဗိုင်းရပ်စ်ကူးစက်မှု နှစ်ရက်ဆက် တဟုန်ထိုးမြင့်တက်၊ ကန့်သတ်ချက်များ ချမှတ်

ပြည်တွင်းကူးစက်မှု မရှိသလောက်နှေးကွေးနေသည်မှာ နှစ်ဝက်နီးပါး ရှိနေပြီဖြစ်သည့် ထိုင်းနိုင်ငံ၌ ဇန်နဝါရီလ ၄ ရက် တနင်္လာနေ့တွင် ကူးစက်မှုအသစ် ၇၄၅ ခု စစ်ဆေးတွေ့ရှိခဲ့သည်။ ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက နိုင်ငံတွင် တစ်နေ့တာကူးစက်မှု အများဆုံးအရေအတွက်ဖြစ်သည်။

06 Jan 2021

Photo - AFP

ထိုင်းနိုင်ငံတွင် တနင်္လာနှင့် အင်္ဂါနေ့များတွင် ကူးစက်မှုအသစ် ငါးရာဝန်းကျင်စီ စစ်ဆေးတွေ့ရှိရသဖြင့် အစိုးရက စည်းကမ်းတင်းကြပ်မှုများ ဆောင်ရွက်နေပြီဖြစ်သည်။

ပြည်တွင်းကူးစက်မှု မရှိသလောက်နှေးကွေးနေသည်မှာ နှစ်ဝက်နီးပါး ရှိနေပြီဖြစ်သည့် ထိုင်းနိုင်ငံ၌ ဇန်နဝါရီလ ၄ ရက် တနင်္လာနေ့တွင် ကူးစက်မှုအသစ် ၇၄၅ ခု စစ်ဆေးတွေ့ရှိခဲ့သည်။ ကိုဗစ်ကပ်ဘေး စတင်ချိန်တည်းက နိုင်ငံတွင် တစ်နေ့တာကူးစက်မှု အများဆုံးအရေအတွက်ဖြစ်သည်။

အင်္ဂါနေ့တွင် နောက်ထပ်ကူးစက်မှုအသစ် ၅၂၇ ခု စစ်ဆေးတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ထုတ်ပြန်ခဲ့သည်။ ဒုတိယနေ့ကူးစက်မှုအနက် ၄၃၉ ခုမှာ ပြည်ပရွှေ့ပြောင်းအလုပ်သမားများ ဖြစ်သည်။ ပြည်တွင်းကူးစက်သူ ၈၂ ဦးနှင့် ပြည်ပမှပြန်ရောက်လာပြီး ကွာရန်တင်းတွင် စစ်ဆေးတွေ့ရှိသူ ၆ ဦးဖြစ်သည်။

ထိုင်းနိုင်ငံတွင် မကြာသေးမီ သီတင်းပတ်များအတွင်း ကူးစက်မှုများ တစ်ကျော့ပြန် မြင့်တက်လာလျက်ရှိသည်။ အစောပိုင်း အများဆုံး တွေ့ရှိခဲ့သည်မှာ ဘန်ကောက်မြို့စွန်ရှိ နိုင်ငံခြားစက်ရုံဝန်ထမ်း အသိုင်းအဝိုင်းနှင့် ဈေးသည်များထံတွင် ဖြစ်သည်။

အင်္ဂါနေ့တွင် အာဏာပိုင်များ၏ ပြောကြားချက်အရ အနီရောင်နယ်မြေအဖြစ် သတ်မှတ်ထားသည့် ခရိုင်များအတွင်း ခရီးသွားလာမှုများ ကန့်သတ်မည်ဖြစ်သလို ကူးစက်မှုအများဆုံး ရှိနေသည့် ခရိုင်များတွင် စစ်ဆေးရေးဂိတ်များလည်း တိုးမြှင့်ချထားမည်ဟု သိရသည်။

လတ်တလောတွင် တရုတ်ပြည် ဟီဘေခရိုင်တွင်လည်း ကိုဗစ်ကူးစက်မှုအသစ် ၁၄ ခု စစ်ဆေးတွေ့ရှိရပြီးနောက် အာဏာပိုင်များက ထိုဒေသကို အန္တရာယ်ရှိသည့်ဇုန်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်သည်။ အင်္ဂါနေ့တွင် ရောဂါလက္ခဏာများ မပြသော ကူးစက်ခံထားရသူ နောက်ထပ် ၃၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

ကမ္ဘာတစ်ဝန်းတွင် ဇန်နဝါရီလ ၅ ရက် နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၈၅ သန်းခွဲ၊ သေဆုံးသူစုစုပေါင်း ၁.၈ သန်းခွဲ ရှိနေပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။