- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ထိုင်းတရားသူကြီးတစ်ဦး တိုင်းပြည်၏တရားစီရင်ရေးကို ပြစ်တင်ရှုံ့ချပြီးနောက် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်
ထိုင်းနိုင်ငံတွင် တရားသူကြီးတစ်ဦးသည် လူသတ်မှုဖြင့် သံသယရှိသူအချို့ကို တရားသေလွှတ်ပေးပြီးနောက် တိုင်းပြည်၏တရားရေးစနစ်ကို ပြစ်တင်ရှုံ့ချကာ တရားရုံးအတွင်း၌ပင် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ သေကြောင်းကြံစည်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
05 Oct 2019
ထိုင်းနိုင်ငံတွင် တရားသူကြီးတစ်ဦးသည် လူသတ်မှုဖြင့် သံသယရှိသူအချို့ကို တရားသေလွှတ်ပေးပြီးနောက် တိုင်းပြည်၏တရားရေးစနစ်ကို ပြစ်တင်ရှုံ့ချကာ တရားရုံးအတွင်း၌ပင် မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ကာ သေကြောင်းကြံစည်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အဆိုပါတရားသူကြီးသည် တရားရုံးအတွင်း၌ပင် တိုင်းပြည်၏ တရားစီရင်ရေးစနစ်အပေါ် ဝေဖန်ပြောကြားမှုများနှင့် မိမိကိုယ်ကိုသေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကို Facebook တွင်လည်း တိုက်ရိုက်ထုတ်လွှင်ခဲ့သေးသည်။
ထိုင်းနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် ချမ်းသာသူများနှင့် သြဇာအာဏာရှိသူများအပေါ် သက်သက်ညှာညှာစီရင်လေ့ရှိပြီး သာမန်ပြည်သူများနှင့် အခြေခံလူတန်းစားများအပေါ်တွင် ပြင်းပြင်းထန်ထန်အရေးယူလေ့ရှိသည်ဟု ဝေဖန်မှုများရှိသော်လည်း တရားသူကြီးများကိုယ်တိုင်က ထိုကဲ့သို့ဝေဖန်ခြင်းမျိုးမှာမူ ယခင်က မကြားဖူးသလောက်ပင်ဖြစ်သည်။
တိုင်းပြည်၏ တရားစီရင်ရေးစနစ်ကို ဝေဖန်ရှုံချပြီး မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သော တရားသူကြီးမှာ ခနာကွန်း ပီယန်ချာနာဟု အမည်ရပြီး ဆူပူအုံကြွမှုများ မကြာခဏဖြစ်ပွားလေ့ရှိသော ထိုင်းနိုင်ငံတောင်ပိုင်း ယာလတရားရုံးမှ ဖြစ်သည်။
၎င်းသည် ပြီးခဲ့သောသောကြာနေ့က အဖွဲ့လိုက်သေနတ်ဖြင့်ပစ်ခတ်ကာ လူသတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော မွတ်ဆလင်ဘာသာဝင် ၅ ဦးအမှုကို စစ်ဆေးခဲ့ရပြီး ထို ၅ ဦးစလုံးကို တရားသေလွှတ်ပေးခဲ့သည်။
ထိုသို့လွှတ်ပေးပြီးနောက်တွင် ယင်းတရားသူကြီးက သူ၏ iPhone ကိုအသုံးပြုပြီး Facebook တွင် Live လွှင့်ကာ လူတစ်ဦးကို အပြစ်ရှိကြောင်းစီရင်ရန်အတွက် သေချာခိုင်မာသည့် သက်သေအထောက်အထားလိုကြောင်း၊ ယခု လွှတ်ပေးလိုက်သူ ၅ ဦးမှာ အပြစ်ကျူးလွန်ခြင်းမရှိဟု အခိုင်အမာမပြောနိုင်သော်လည်း တရားစီရင်ရေးစနစ်အနေဖြင့် ယခုထက်ပိုမို ပွင့်လင်းမြင်သာမှုရှိစွာစစ်ဆေးပြီး ခိုင်မာသည့်အထောက်အထားများရှိမှသာ အပြစ်ပေးသင့်ကြောင်း၊ အပြစ်မရှိသူက ကြားမှဓါးစာခံမဖြစ်သင့်ကြောင့် နှင့် တိုင်းပြည်၏ တရားစီရင်ရေးစနစ်ကို ဝေဖန်ပြောကြားပြီးနောက်တွင် လက်လုပ်သေနတ်တစ်လက်ဖြင့် သူ့ရင်ဘက်သူ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
၎င်း၏ တိုက်ရိုက်ထုတ်လွှင့်မှုဗွီဒီယိုကို Facebook မှ ဖြုတ်ချခဲ့သော်လည်း ၎င်းသည် သူ့ကိုယ်သူ သေနတ်ဖြင့်မပစ်ခတ်မီ ထိုင်းဘုရင်ပုံတူပန်းချီကားရှေ့တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သေးကြောင်း မြင်တွေ့လိုက်ရသူတစ်ဦးက ပြောကြားသည်။
ယင်းတရားသူကြီးသည် သူ့ကိုယ်သူသေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ ဆရာဝန်များ၏ ကုသမှုကိုခံယူရလျက်ရှိကာ အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိတော့ကြောင်း ထိုင်းတရားရေးဌာန၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က AFP သတင်းဌာနကို ပြောကြားသည်။
"သူက ပုဂ္ဂိုလ်ရေးဖိစီးမှုတွေကြောင့် သူ့ကိုယ်သူသေနတ်နဲ့ပစ်တာပါ။ ပုဂ္ဂိုလ်ရေးဖိစီးမှုတွေဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေတုန်းပါပဲ " ဟုလည်း ယင်းပုဂ္ဂိုလ်က ပြောကြားသည်။
မိမိကိုယ်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သော တရားသူကြီးက သက်သေမခိုင်လုံသဖြင့် တရားသေလွှတ်ပေးလိုက်သော အဖွဲ့လိုက်လူသတ်မှုဖြင့် စွပ်စွဲခံရသူ ၅ ဦးမှာ လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ၎င်းတို့ကို တရားသေလွှတ်ပေးသည့် ဆုံးဖြတ်ချက်အပေါ် နိုင်ငံတော်အဆင့် အစိုးရရှေ့နေက အယူခံဝင်မည်၊ မဝင်မည်ကို စောင့်ဆိုင်းနေရဆဲဖြစ်သည်ဟု ယင်းတရားခံများ၏ရှေ့နေက ပြောကြားထားသည်။