တာလီဘန်များနှင့် တွေ့ဆုံမည့် အမျိုးသားသီးသန့် နိုင်ငံခြားကိုယ်စားလှယ်အဖွဲ့များ စေလွှတ်ခြင်းအပေါ် မကျေနပ်မှုများ ရှိနေ

တာလီဘန်တို့လက်အောက်တွင် အင်အားစုအားလုံး ပါဝင်သည့် အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်စေရေးအတွက် ကျယ်ကျယ်လောင်လောင် တောင်းဆိုထားကြသော ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ကူညီထောက်ပံ့ရေးအဖွဲ့များသည် သဘောထားတင်းမာသော အစ္စလာမစ်ဝါဒီများနှင့် တွေ့ဆုံရန် အမျိုးသားများချည်းသာ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့များကို ကာဘူးမြို့သို့ စေလွှတ်ခဲ့သည့်အတွက် ယခုအခါ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

31 Oct 2021

ဓာတ်ပုံ - AFP

DMG ၊ အောက်တိုဘာ ၃၁

တာလီဘန်တို့လက်အောက်တွင် အင်အားစုအားလုံး ပါဝင်သည့် အာဖဂန်နစ္စတန်နိုင်ငံ ဖြစ်စေရေးအတွက် ကျယ်ကျယ်လောင်လောင် တောင်းဆိုထားကြသော ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ကူညီထောက်ပံ့ရေးအဖွဲ့များသည် သဘောထားတင်းမာသော အစ္စလာမစ်ဝါဒီများနှင့် တွေ့ဆုံရန် အမျိုးသားများချည်းသာ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့များကို ကာဘူးမြို့သို့ စေလွှတ်ခဲ့သည့်အတွက် ယခုအခါ ဝေဖန်မှုများနှင့် ရင်ဆိုင်နေရကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဩဂုတ်လတွင် အာဏာသိမ်းပြီးကတည်းက တာလီဘန်တို့သည် အမျိုးသမီးများကို ၎င်းတို့၏ အိမ်စောင့်အစိုးရအသစ်အဖွဲ့မှ ဖယ်ရှားထုတ်ပယ်ခဲ့ကြပြီး အလုပ်အကိုင်နှင့် ပညာရေးတို့တွင် ကန့်သတ်ချက်များစွာ ချမှတ်ခြင်းတို့ကြောင့်  ပြင်ပကမ္ဘာ့နိုင်ငံများက  ပြစ်တင်ရှုတ်ချလျက်ရှိသည်။

သို့သော် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန် ကြိုးပမ်းနေသော အာဖဂန်နစ္စတန်၏ အုပ်ချုပ်သူအစိုးရသစ် နှင့်  တချို့အစိုးရအဖွဲ့များ ကူညီထောက်ပံ့ရေးအဖွဲ့များ  မြို့တော်၌ တွေ့ဆုံဆွေးနွေးမှုတို့တွင်   အမျိုးသမီးကိုယ်စားပြုခြင်းမှာ မဖြစ်စလောက်နည်းပါးသည်။

“တာလီဘန်တွေနဲ့ တုံ့ပြန်ပြောဆို ဆက်ဆံမှုတွေကို ရှင်တို့ရဲ့ အစိုးရအဖွဲ့ထဲက ရာထူးကြီး အမျိုးသမီးတွေ ဦးဆောင်သင့်တယ်၊ အမျိုးသမီးတွေကို ဖယ်မထုတ်ပါနဲ့” ဟုပြည်ပရောက် အာဖဂန်နစ္စတန်၏ လွတ်လပ်သော လူ့အခွင့်အရေး ကော်မရှင်ခေါင်းဆောင် ရှဟာဇတ်အက်ကဘာ ကပြောဆိုခဲ့သည်။

“အမျိုးသမီးများ၏ အခန်းကဏ္ဍကို တာလီဘန်များ ဖယ်ထုတ် ဖျောက်ဖျက်ပစ်ခြင်းအား ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို ဖြစ်မသွားစေရန်” ဟု  “နိုင်ငံတကာအစိုးရများ နှင့်ကူညီထောက်ပံ့ရေး အဖွဲ့များ” သို့ ရည်ရွယ်လျက် တွစ်တာတွင် သူမက တောင်းဆိုထားသည်။

တာလီဘန်တို့သည် ပြည်ပကိုယ်စားလှယ် အုပ်စုများနှင့် တံခါးပိတ်ဆွေးနွေးနေကြသည့် ဓာတ်ပုံပေါင်း ဒါဇင်နှင့်ချီ  ဆိုရှယ်မီဒီယာပေါ်တွင်  ဖော်ပြခဲ့ကြသည်။ ဆိုပါဓာတ်ပုံများ၌ အမျိုးသမီး တစ်ဦးမျှ မတွေ့ရပေ။

တွေ့ဆုံဆွေးနွေးမှုများစွာအနက် မီးမောင်းထိုးပြစရာ စိတ်ဝင်စားဖွယ် တစ်ခုမှာ ယခုလ အစောပိုင်းတွင် တာလီဘန်၏ ကြားဖြတ်ယာယီ လက်ထောက်ဝန်ကြီး ချုပ်များဖြစ်သော အဗ်ဒူလ်ဂါဟ်နီဘာရာဒါ နှင့် အဗ်ဒူလ်ဆလမ်ဟန်နဖီတို့ ခမ်းနားထည်ဝါသော အခန်းတစ်ခုရှိ ဆိုဖာခုံပေါ်တွင် ထိုင်ကာ ဗြိတိန်သံတမန် ဆိုင်မွန်ဂတ်စ်နှင့် တွေ့ဆုံခဲ့မှု ဖြစ်သည်။