အာဖဂန်စစ်ပွဲ ပြီးဆုံးပြီဟု တာလီဘန်တို့ ကြေညာ

ကဘူးရှိ သမ္မတနန်းတော်ကို သိမ်းပိုက်ပြီးနောက် အာဖဂန်စစ်ပွဲ ပြီးဆုံးပြီဟု တာလီဘန်တို့က ကြေညာလိုက်ပြီ ဖြစ်သည်။ လက်ရှိတွင် အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားပြီဖြစ်သလို အနောက်နိုင်ငံများသည်လည်း ၎င်းတို့၏ နိုင်ငံသားများအား နိုင်ငံမှ ခေါ်ယူရန် အလောတကြီး စီစဉ်လျက်ရှိသည်။

By Foreign Desk 16 Aug 2021

ဓာတ်ပုံ - AP

DMG ၊ ဩဂုတ် ၁၆

ကဘူးရှိ သမ္မတနန်းတော်ကို သိမ်းပိုက်ပြီးနောက် အာဖဂန်စစ်ပွဲ ပြီးဆုံးပြီဟု တာလီဘန်တို့က ကြေညာလိုက်ပြီ ဖြစ်သည်။ လက်ရှိတွင် အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားပြီဖြစ်သလို အနောက်နိုင်ငံများသည်လည်း ၎င်းတို့၏ နိုင်ငံသားများအား နိုင်ငံမှ ခေါ်ယူရန် အလောတကြီး စီစဉ်လျက်ရှိသည်။

အစ္စလာမ်မစ်လက်နက်ကိုင်များ မြို့တော်ကဘူးထဲသို့ ဝင်လာပြီးနောက်တွင် အာဖဂန်သမ္မတ အာရှရက်ဂါနီသည် တနင်္ဂနွေနေ့တွင် အာဖဂန်မှ တိမ်းရှောင်သွားပြီဖြစ်သည်။

အာဖဂန်လူမျိုး ရာပေါင်းများစွာသည် နိုင်ငံမှ ထွက်ခွာရန်အတွက် ကဘူးလေဆိပ်တွင် စုပြုံနေကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒီနေ့ဟာ အာဖဂန်လူထုနဲ့ မူဂျာဟစ်တွေအတွက် ကြီးမြတ်တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။ သူတို့ရဲ့ အားထုတ်မှု အသီးအပွင့်တွေနဲ့ နှစ် ၂၀ ကြာ စွန့်လွှတ်အနစ်နာခံမှုတွေကို သူတို့ကိုယ်တိုင် မြင်တွေ့လိုက်ကြရပါပြီ” ဟု တာလီဘန် နိုင်ငံရေးရုံး ပြောခွင့်ရ မိုဟာမက် နာအင်းက အယ်ဂျာဇီးရား သတင်းဌာနသို့ ဖြေကြားသည်။

“ဘုရားသခင်ကျေးဇူးတော်ကြောင့် ဒီနိုင်ငံမှာ စစ်ပွဲကြီး အဆုံးသတ်ခဲ့ပါပြီ” ဟု သူက ဆိုသည်။

လက်ရှိတွင် လက်နက်ကိုင်အုပ်စုများအား ပြန်လည်စုစည်းနေပြီး ပြည်ပတပ်ဖွဲ့များ နိုင်ငံတွင်းမှ အပြီးစီး ထွက်ခွာပြီးသည်အထိ စောင့်ဆိုင်းပြီးမှ အစိုးရသစ်ကို ဖွဲ့စည်းမည်ဟု တာလီဘန်ခေါင်းဆောင်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ဖြေကြားသည်။

“အာဖဂန်လူထုကို ပုံမှန်အတိုင်း နေထိုင်ခွင့်ပြုဖို့နဲ့ သူတို့ ကြောက်ရွံ့စေမယ့် လုပ်ရပ်တွေ ဘာမှမလုပ်ဖို့ ညွှန်ကြားထားပါတယ်။ ..ပုံမှန်နေထိုင်မှုပုံစံကို ပိုကောင်းတဲ့နည်းနဲ့ ဆက်လက်ဆောင်ရွက်သွားမှာပါ။” ဟု သူက ဆိုသည်။

ဝါရှင်တန်တွင်လည်း သမ္မတဂျိုးဘိုင်ဒန်ကို ဆန့်ကျင်ကြသူများက ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် အမေရိက၏ အရှည်ကြာဆုံး စစ်ပွဲကို အဆုံးသတ်သည့် ဆုံးဖြတ်ချက်ကြောင့် ဗရမ်းပတာဖြစ်ရပ်များ ပေါ်ထွက်လာရခြင်းသည် ခေါင်းဆောင်မှုစွမ်းရည် မရှိခြင်းကြောင့်ဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။

အမေရိကန်နှင့် အခြားမဟာမိတ်နိုင်ငံများသည် အာဖဂန်စစ်တပ်အား နှစ်ပေါင်းများစွာကြာအောင် ဒေါ်လာဘီလျံပေါင်းများစွာ အကုန်ကျခံကာ လေ့ကျင့်သင်ကြားခဲ့သော်လည်း တာလီဘန်တို့သည် တစ်ပတ်ကျော်ခန့် ကာလအတွင်း အာဖဂန်တစ်နိုင်ငံလုံးကို သိမ်းပိုက်ခဲ့ကြခြင်း ဖြစ်သည်။