ထိုင်ဝမ်ကို ကာကွယ်ပေးနိုင်စွမ်း အမေရိကန်တွင် အပြည့်ရှိသည်ဟု ပင်တဂွန်ပြော

လိုအပ်လာပါက အမေရိကန်စစ်တပ်သည် ထိုင်ဝမ်ကို တရုတ်တို့၏ တိုက်ခိုက်မှုမှ အပြည့်အဝ ကာကွယ်ပေးနိုင်သော စွမ်းရည် ရှိသည်ဟု အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

04 Nov 2021

(ဓာတ်ပုံ - Reuters)

DMG ၊ နိုဝင်ဘာ ၄

လိုအပ်လာပါက အမေရိကန်စစ်တပ်သည် ထိုင်ဝမ်ကို တရုတ်တို့၏ တိုက်ခိုက်မှုမှ အပြည့်အဝ ကာကွယ်ပေးနိုင်သော စွမ်းရည် ရှိသည်ဟု အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာ့ခ်မီလီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လာမည့် ၂၄ လအတွင်း တရုတ်တို့သည် ထိုင်ဝမ်ကျွန်းဆွယ်အပေါ် စစ်ရေးလှုပ်ရှားမှု ရှိမည်ဟု မိမိ မမျှော်လင့်ကြောင်း မီလီက ပြောသည်။

သို့သော်လည်း ထိုင်ဝမ်ကို ပင်တဂွန်က အကာအကွယ်ပေးနိုင်သလား ဟူသည့် မေးခွန်းကိုမူ သူက ဤအချက်ကို မေးနေစရာမလိုဟု ပြန်ဖြေသည်။

အမေရိကန်ပြည်ထောင်စုသည် ထိုင်ဝမ်ကို အကာအကွယ်ပေးရေးတွင် “မဟာဗျူဟာကျသော ဆုတ်သာတက်သာ” မူဝါဒရှိထားပြီး ထိုင်ဝမ်ကျွမ်းကို တရုတ်တို့ ထိန်းချုပ်ရန်ကြိုးစားလာပါက ဝင်ပါရေး မပါရေးသည် သမ္မတ၏ ဆုံးဖြတ်ချက်အပေါ် မူတည်သည်ဟု သူက ဖြေကြားသည်။

အက်စပင်လုံခြုံရေးဖိုရမ်၌ မာ့ခ်မီလီက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဝင်ပါဖို့ လိုအပ်လာမယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ နည်းလမ်းပေါင်းစုံနဲ့ လုပ်ဆောင်နိုင်စွမ်း ကျွန်တော်တို့မှာ အသေအချာရှိပါတယ်” ဟု မာ့ခ်မီလီက ပြောသည်။
တရုတ်နှင့် ထိုင်ဝမ်အကြား ကွဲပြားခြားနားမှုများကို နှစ်ဘက်လုံးရှိ လူထု၏ ဆန္ဒအပေါ် အခြေခံပြီး ငြိမ်းချမ်းစွာဖြေရှင်း၍ ရနိုင်သည်ဟု အမေရိကန်ပြည်ထောင်စုက ယုံကြည်ထားသည်ဟုလည်း သူက ဖြည့်စွက်ပြောကြားသည်။

တရုတ်သည် ထိုင်ဝမ်ကျွန်းဆွယ်အား ၎င်း၏ ပိုင်နက်နယ်မြေအဖြစ် သတ်မှတ်ထားကာ မကြာခဏဆိုသလို လေကြောင်းမှ ကျူးကျော်ဝင်ရောက်ပြီး အင်အားပြသလေ့ရှိသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်၊ တရုတ်အမျိုးသားနေ့၌လည်း ထိုင်ဝမ်လေကြောင်းပိုင်နက် အတွင်းသို့ တရုတ် ဗုံးကြဲလေယာဉ်နှင့် ရေငုပ်သင်္ဘောဖျက်လေယာဉ်တို့ အပါအဝင် တိုက်လေယာဉ် စုစုပေါင်း ၃၈ စီးအထိ ဝင်ရောက်ခဲ့သည်။