ထိုင်ဝမ်လွတ်လပ်ရေးအတွက် လှုပ်ရှားမှုများရှိလာပါက ပြင်းထန်ထိရောက်စွာအရေးယူမည်ဟု တရုတ်သတိပေး
ထိုင်ဝမ်က တရားဝင်လွတ်လပ်ရေးအတွက် ကြိုးစားမှုများပြုလုပ်လာပါက တရုတ်ဘက်က ‘ပြင်းထန်ထိရောက်သော အရေးယူမှုများ’ဆောင်ရွက်မည်ဟု ဘေဂျင်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၀
ထိုင်ဝမ်က တရားဝင်လွတ်လပ်ရေးအတွက် ကြိုးစားမှုများပြုလုပ်လာပါက တရုတ်ဘက်က ‘ပြင်းထန်ထိရောက်သော အရေးယူမှုများ’ဆောင်ရွက်မည်ဟု ဘေဂျင်းအရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် သတိပေးလိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်ဝမ်၏ လှုံ့ဆော်မှုများနှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများကြောင့် လာမည့်နှစ်တွင် တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်းလည်း အဆိုပါအရာရှိက ပြောကြားသည်ဟု သတင်းတွင်ဖော်ပြသည်။
ထိုင်ဝမ်နှင့် ငြိမ်းချမ်းသောနည်းလမ်းဖြင့် ပြန်လည်ပူးပေါင်းရေးကို တရုတ်ဘက်က အစွမ်းကုန်ကြိုးစား ဆောင်ရွက်ရန် ဆန္ဒရှိနေသော်လည်း ထိုင်ဝမ်က လွတ်လပ်ရေးနှင့် ပတ်သက်ပြီး စည်းကျော်သည့် မည်သည့်အပြုအမူမျိုးမဆို လုပ်ဆောင်လာပါက အရေးယူမည်ဟု တရုတ်၏ ထိုင်ဝမ်ရေးရာရုံးမှ ပြောခွင့်ရ မာရှောင်းကုန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသည်။
“ခွဲထွက်လိုတဲ့ ထိုင်ဝမ်ဘက်ကအင်အားစုတွေ လှုံ့ဆော်မှုတွေ ပြုလုပ်လာရင်၊ အင်အားသုံးလာရင်၊ ဒါမှမဟုတ် စည်းကျော်တဲ့အဆင့်ပဲဖြစ်ဖြစ် လုပ်လာရင် ကျွန်တော်တို့ဘက်က ပြင်းထန်ထိရောက်တဲ့အရေးယူမှုတွေ ဆောင်ရွက်ရပါလိမ့်မယ်”ဟု သူကပြောသည်။
ထိုင်ဝမ်၏ ပြည်မရေးရာကောင်စက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင်မူ ဘေဂျင်းအစိုးရအနေဖြင့် “ထိုင်ဝမ်အပေါ်ထားရှိသည့် အပြုအမူများကို လေးလေးနက်နက် သုံးသပ်ရန်နှင့် အခြေအနေအပေါ် မှန်ကန်သောဆုံးဖြတ်ချက် ချမှတ်ရန်”တိုက်တွန်းထားသည်။
ထိုင်ဝမ်သည် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လွတ်လပ်ရေးနှင့် ဒီမိုကရေစီရေးအတွက် ကာကွယ်သွားရန် သန္နိဌာန်ချထားကြောင်းလည်း ထိုင်ဝမ်ဘက်က ပြောကြားသည်။
ထိုင်ဝမ်သည် နိုင်ငံတကာမှ အရေးအကြီးဆုံး ထောက်ခံသူဖြစ်သည့် အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးရှိထားသလို လက်နက်များကိုလည်း အမေရိကန်ထံမှ အဓိက ဝယ်ယူနေခြင်း ဖြစ်သည်။
လွတ်လပ်ရေးလိုလားသူများ၏ လှုံ့ဆော်မှုများနှင့် ‘ပြင်ပမှစွက်ဖက်မှုများ’ ကြောင့် လာမည့်လများအတွင်း ‘ပြတ်သားပြီး ပိုပြင်းထန်သည့်’ အနေအထားများ ဖြစ်လာနိုင်ကြောင်းလည်း မာက ပြောသည်။
“လာမယ့်နှစ်မှာ ထိုင်ဝမ်ရေလက်ကြား အခြေအနေဟာ ပိုမိုရှုပ်ထွေးပြီး ပြင်းထန်လာနိုင်ပါတယ်” ဟု သူက ပြောသည်။
ဘေဂျင်းအစိုးရသည် ပြီးခဲ့သည့်လများအတွင်း ထိုင်ဝမ်ကို ဖိအားပေးနိုင်ရေးအတွက် ထိုင်ဝမ်ရေလက်ကြားသို့ လေကြောင်းမှ ဝင်ရောက်ကျူးကျော်မှုများ တောက်လျှောက်ပြုလုပ်နေခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် တရုတ်၏ တစ်ပြည်ထောင်မူကို အသိအမှတ်ပြုထားသော်လည်း ထိုင်ဝမ်ကို ဥပဒေအရ အကာအကွယ်ပေးရန် ရှိနေပြီး ထိုင်ဝမ်အတွက် လိုအပ်လာပါက စစ်ရေးအရ ပါဝင်ဖြေရှင်းနိုင်ခြေရှိသည့် “မဟာဗျူဟာကျ နှစ်ဘက်ခွမူ” မူဝါဒကို လက်ခံကျင့်သုံးလျက်ရှိသည်။