ထိုင်ဝမ်လေပိုင်နက် အတွင်းသို့ တရုတ်ဂျက်လေယာဉ် ၃၈ စီးအထိ ဝင်ရောက်

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း အထိမ်းအမှတ်နေ့တွင် ထိုင်ဝမ်ကာကွယ်ရေးဇုန် အတွင်းသို့ တရုတ်စစ်လေယာဉ် ၃၈ စီးအထိ စံချိန်တင် ဝင်ရောက်ကျူးကျော်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

02 Oct 2021

ဓာတ်ပုံ -AFP

DMG ၊ အောက်တိုဘာ ၂

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း အထိမ်းအမှတ်နေ့တွင် ထိုင်ဝမ်ကာကွယ်ရေးဇုန် အတွင်းသို့ တရုတ်စစ်လေယာဉ် ၃၈ စီးအထိ စံချိန်တင် ဝင်ရောက်ကျူးကျော်ခဲ့ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အောက်တိုဘာလ ၁ ရက် သောကြာနေ့တွင် ကျရောက်သည့် တရုတ်အမျိုးသားနေ့၌ ယခုကဲ့သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်တိုက်လေယာဉ် ၂၂ စီး၊ ဗုံးကြဲလေယာဉ်တစ်စီးနှင့် ရေငုပ်သင်္ဘောဖျက် လေယာဉ်တစ်စီးတို့သည် ထိုင်ဝမ်ကျွန်းဆွယ် အနောက်တောင်ဘက် လေကြောင်း ကာကွယ်ရေးဇုန်ထဲသို့ ကျူးကျော်ဝင်ရောက်လာသဖြင့် မိမိတို့၏ လေတပ်ကို အရေးပေါ် တပ်လှန့်ခဲ့ရကြောင်း ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့တွင် ပြောကြားသည်။

သောကြာနေ့ နှောင်းပိုင်းတွင်လည်း ဒုတိယအကြိမ်အဖြစ် တိုက်လေယာဉ် ၁၃ စီး ဝင်ရောက်ခဲ့သဖြင့် စုစုပေါင်း ၃၈ စီးအထိ စံချိန်တင် ကျူးကျော်ခဲ့ခြင်း ဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။

တရုတ်သည် ၎င်း၏ အင်အားကို ပြသသည့်အနေနှင့် ထိုင်ဝမ်လေကြောင်း ပိုင်နက်ထဲသို့ မကြာခဏဆိုသလို တိုက်လေယာဉ်များ စေလွှတ်လေ့ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်တွင်လည်း ထိုင်ဝမ်က ပစိဖိတ်ဒေသ အပြန်အလှန်ကုန်သွယ်ရေး သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီးနောက်တွင် ထိုင်ဝမ်လေကြေင်း ပိုင်နက်ထဲသို့ တရုတ်လေယာဉ် ၂၄ စီး ဝင်ရောက်ခဲ့သည်။

ပြီးခဲ့သော တနင်္လာနေ့က ဗြိတိန်က စစ်သင်္ဘောတစ်စီးအား ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော် စေလွှတ်ခဲ့ပြီးနောက် တရုတ်ဘက်က ယခုကဲ့သို့ အင်အားပြ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အမေရိကန်စစ်သင်္ဘောများသည်လည်း “လွတ်လပ်စွာသွားလာခွင့်” ကို ကျင့်သုံးသည့်သဘောဖြင့် အဆိုပါရေလက်ကြားတွင် ရေကြောင်း လှုပ်ရှားမှုများ မကြာခဏဆိုသလို ပြုလုပ်လေ့ရှိကာ တရုတ်ဘက်ကလည်း အမေရိကန်၏ လုပ်ရပ်အပေါ် အထူး အမျက်ရှလေ့ရှိသည်။