ဗိုင်းရပ်စ် စတင်ပျံ့နှံ့ရာ ဝူဟန်မြို့ကို အဝင်အထွက် ပိတ်လိုက်ပြီးနောက် စားနပ်ရိက္ခာပြတ်လပ်မည်ကို မြို့ခံများစိုးရိမ်

လက်ရှိအချိန်ထိ ကာကွယ်ဆေးမရှိသေးသော ဆားစ် (SARS) ကဲ့သို့သော ဗိုင်းရပ်စ်အသစ်တစ်မျိုး စတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့ကို အာဏာပိုင်များက အဝင်အထွက် ပိတ်ဆို့လိုက်ပြီးနောက် စားနပ်ရိက္ခာပြတ်လပ်မည်ကို မြို့ခံများက စိုးရိမ်လျက်ရှိကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 24 Jan 2020

ဗိုင်းရပ်စ်အန္တရာယ်ကို စိုးရိမ်ခြင်းမရှိဘဲ နှစ်သစ်ကူးကာလတွင် မိသားစုနှင့်ဆုံတွေ့နိုင်ရန် ပြန်လာမည့်သူများလည်း ရှိနေသည်။ (ဓာတ်ပုံ - AFP)

လက်ရှိအချိန်ထိ ကာကွယ်ဆေးမရှိသေးသော ဆားစ် (SARS) ကဲ့သို့သော ဗိုင်းရပ်စ်အသစ်တစ်မျိုး စတင်ပျံ့နှံ့ရာ တရုတ်နိုင်ငံအလယ်ပိုင်းရှိ ဝူဟန်မြို့ကို အာဏာပိုင်များက အဝင်အထွက် ပိတ်ဆို့လိုက်ပြီးနောက် စားနပ်ရိက္ခာပြတ်လပ်မည်ကို မြို့ခံများက စိုးရိမ်လျက်ရှိကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အာဏာပိုင်များက ဝူဟန်မြို့မှ ထွက်ခွာမည့် ရထားနှင့် လေယာဉ်ခရီးစဉ်များကို ဖျက်သိမ်းလိုက်ပြီး အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်များကိုလည်း ဆိုင်းငံ့ထားကာ ဗိုင်းရပ်စ် ထပ်မံပျံ့နှံ့ခြင်းမရှိစေရန်အတွက် လက်ရှိဝူဟန် မြို့အတွင်းရှိနေသူများကို မြို့မှထွက်ခွာခြင်းမပြုရန်လည်း အမိန့်ထုတ်ထားသည်။

သို့ရာတွင် ကြာသပတေးနေ့အထိ လူပေါင်း ၁၁ သန်းခန့်မှာ ဝူဟန်မြို့သို့ လေယာဉ်၊ ရထားတို့ဖြင့် ဝင်ရောက်လာနေဆဲ ဖြစ်ပြီး ထိုသို့လာရောက်သူများမှာ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန် မျက်နှာဖုံးများ၊ လက်အိတ်များ ဝတ်ဆင်ထားကြသည်ကို တွေ့ရသည်။

တရုတ်လူမျိုးများ မိမိတို့၏ ဇာတိသို့အလည်ပြန်ကြသည့် တရုတ်နှစ်သစ်ကူးအကြိုကာလတွင် မိသားစုဝင်များနှင့် နှစ်သစ်ကူးပွဲဆင်နွှဲရန် ဝူဟန်မြို့သို့ပြန်လာမည့်သူ အများအပြားရှိနေချိန်တွင် ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ယခုကဲ့သို့ မြို့ကိုပိတ်ဆို့လိုက်ရခြင်း ဖြစ်သည်။

ထိုကဲ့သို့ မြို့ကိုပိတ်ဆို့လိုက်ခြင်းကြောင့် မြို့အတွင်း စားနပ်ရိက္ခာများပြတ်လပ်မည်ကို မြို့ခံများက စိုးရိမ်ကြောင့်ကြနေကြပြီး အကူအညီများ များစွာလိုအပ်လျက်ရှိသေးကြောင်း ဆိုရှယ်မီဒီယာများတွင် ရေးသားဖော်ပြလျက်ရှိကြသည်။

စတင်ပျံ့နှံ့သည့် မြို့အမည်ကို အစွဲပြုပြီး ဝူဟန်ဗိုင်းရပ်စ်ဟု ခေါ်ဆိုလျက်ရှိသော ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်မှာ လက်ရှိအချိန်တွင် ၁၇ ဦးထိရှိပြီဖြစ်ပြီး ကူးစက်ခံရသူ ၅၇၀ ဦးအထိရှိထားကြောင်း အာဏာပိုင်များက အတည်ပြုထုတ်ပြန်ထားသည်။

နှစ်သစ်ကူးချိန်တွင် မိသားစုနှင့်ဆုံစည်းရန် ဝူဟန်မြို့သို့ ပြန်လာမည့်သူအချို့မှာ ဗိုင်းရပ်စ်ကြောင့် ၎င်းတို့၏ ခရီးစဉ်ကို ဖျက်လိုက်ခြင်းများရှိသော်လည်း ဗိုင်းရပ်စ်အန္တရာယ်ကို စိုးရိမ်ခြင်းမရှိဘဲ မိသားစုနှင့်ဆုံတွေ့နိုင်ရန် ပြန်လာမည့်သူများလည်း ရှိနေသည်။

ယခုကဲ့သို့ ထူးဆန်းသောဗိုင်းရပ်စ်ပျံ့နှံ့မှုအတွက် ဝူဟန်မြို့ပြင်ပမှာ နေထိုင်သူများက ဝူဟန်မြို့ခံများကို သနားဂရုဏာသက်ခြင်းများရှိသော်လည်း အချို့ကမူ တောရိုင်းတိရစ္ဆာန်များကို စားသုံးခြင်းအတွက် မြို့ခံများကို အပြစ်တင်လျက်ရှိသည်။

တိရစ္ဆာန်များတွင် ဖြစ်ပွားပျံ့နှံ့ပြီးနောက် လူများကို ဆက်လက်ကူးစက်နိုင်သည့် ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားဖြစ်သော ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံရသူများသည် အပြင်းဖျားခြင်း၊ ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း စသည့် လက္ခဏာများကို ခံစားကြရသည်။

လက်ရှိအချိန်တွင် ဝူဟန်ဗိုင်းရပ်စ်သည် တရုတ်နိုင်ငံမှတစ်ဆင့် အခြားကမ္ဘာ့နိုင်ငံအချို့တွင်ပါ ကူးစက်ရောက်ရှိလျက် ရှိသည်။