- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာမှထွက်ပြေးလာသူများကို ကာကွယ်စောင့်ရှောက်ရန် အိမ်နီးချင်းနိုင်ငံများအား UNHCR နှင့် OHCHR တို့ တောင်းဆို
မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြသူများအား ခိုလှုံခွင့်ပေးရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် မြန်မာ့အိမ်နီးချင်းနိုင်ငံများအား တောင်းဆိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) တို့က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
02 Apr 2021
DMG ၊ ဧပြီ ၂
မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာကြသူများအား ခိုလှုံခွင့်ပေးရန်နှင့် ကာကွယ်စောင့်ရှောက်မှုပေးရန် မြန်မာ့အိမ်နီးချင်းနိုင်ငံများအား တောင်းဆိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) တို့က ဧပြီလ ၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
နယ်စပ်ဖြတ်ကျော်ပြီး အခြားတိုင်းပြည်တစ်ခု၌ ခိုလှုံခွင့်တောင်းခံသူ မည်သူမဆို အတွက် ခိုလှုံခွင့်ရရှိရေးသည် အလွန်အရေးကြီးကြောင်း UNHCR ၏ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လက်ထောက်ကော်မရှင်နာ ဂီလီယံထရစ် (Gillian Triggs) က ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။
မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် ဆန္ဒဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုများကြောင့် နယ်စပ်နိုင်ငံများသို့ တိမ်းရှောင်သူများ ရှိသလို တိုင်းရင်းသားလက်နက်ကိုင် များနှင့် မြန်မာစစ်တပ်၏ တိုက်ပွဲများကြောင့်လည်း တိမ်းရှောင်ရသူများ ရှိနေသည်။
တရုတ်-မြန်မာ နယ်စပ် ယူနန်ခရိုင် ရွှေလီမြို့တွင် မြန်မာဘက်မှ ခိုးဝင်လာသူများကို ဖမ်းဆီးရန်၊ လက်ခံထားသူ အကူအညီပေးသူများအား အရေးယူရန် တရုတ်အာဏာပိုင်များက ညွှန်ကြားထားသည်။
မြန်မာစစ်တပ်အား ရေငုပ်သင်္ဘောတစ်စီး ပေးခဲ့သည်အထိ ဆက်ဆံရေးကောင်းခဲ့သော အိန္ဒိယကမူ မြန်မာဘက်မှ တိမ်းရှောင်လာသူများအား လက်ခံခြင်းမပြုရန် နယ်စပ်ပြည်နယ်များအား ဗဟိုအစိုးရက ညွှန်ကြားထားသည်။
မီဇိုရမ်ပြည်နယ်ကမူ မြန်မာဘက်မှ တိမ်းရှောင်လာသူများအား လက်ခံကူညီပေးလျက်ရှိသည်။ မီဇိုရမ်တွင် ရောက်ရှိနေသူ စုစုပေါင်း တစ်ထောင်ဝန်းကျင်ရှိနိုင်ကြောင်း မတ်လ နှောင်းပိုင်းက ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ဒုက္ခသည်များအတွက် စခန်းများ ဆောက်လုပ်ပေးရန် မီဇိုရမ်အာဏာပိုင်များက အိန္ဒိယ ဗဟိုအစိုးရကို တိုက်တွန်းလျက်ရှိသည်။
မဏိပူရပြည်နယ် အာဏာပိုင်များသည် မြန်မာဘက်မှ ခိုးဝင်လာသူများအား လက်မခံဘဲ ပြန်လွှတ်ရန် မတ်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း မတ်လ ၃၀ ရက်နေ့တွင် ညွှန်ကြားချက်တစ်စောင် ထပ်မံထုတ်ပြန်ပြီး မြန်မာဘက်မှ ထွက်ပြေးလာသူများ အားလုံးကို လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးမည်ဟု ထည့်သွင်းဖော်ပြထားသည်။
ထိုင်းကမူ မြန်မာဒုက္ခသည် ၄ သောင်းကျော် လက်ခံနိုင်မည့် စခန်းတစ်ခု မဲဆောက်တွင် ပြင်ဆင်နေသည်ဟု ဆိုသော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများအား လက်မခံဘဲ ပြန်လွှတ်နေကြောင်း သတင်းများတွင် ဖော်ပြကြသည်။
မြန်မာနိုင်ငံအတွင်း အရှိန်မြင့်လာသော အကြမ်းဖက်မှုများကြောင့် ပြည်သူများ ဒုက္ခရောက်ရခြင်းနှင့် နေရပ်စွန့်ခွာ ထွက်ပြေးရခြင်းများအပေါ် အထူးစိုးရိမ်မိကြောင်း UNHCR ၏ ဧပြီလ ၁ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညဉ့်အချိန် ဝင်စီးခြင်း၊ ပြည်သူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးခြင်းနှင့် သတ်ဖြတ်ခြင်းများသည် မြန်မာနိုင်ငံတစ်ဝန်းတွင် နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပျက်နေကြောင်း OHCR ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် သေဆုံးသူများတွင် ကလေးသူငယ် ၃၅ ဦးထက်မနည်း ပါဝင်ကြောင်းလည်း ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (ယူနီဆက်) က မတ်လ နှောင်းပိုင်းတွင် ပြောကြားထားသည်။
ထွက်ပြေးတိမ်းရှောင်လာရသူများ၏ အသက်အိုးအိမ်များအား ကာကွယ်စောင့်ရှောက်မှု ပေးခဲ့သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အစဉ်အလာအား ဆက်လက်ဆောင်ရွက်ပေးရန် မြန်မာ့အိမ်နီးချင်းနိုင်ငံများအား တောင်းဆိုကြောင်း UNHCR ၏ ကြေညာချက်တွင် ဖော်ပြသည်။
ဒုက္ခသည်များ လိုအပ်သည့် ကာကွယ်စောင့်ရှောက်မှု ရရှိရန်အတွင် နိုင်ငံတော်နှင့် ဒေသန္တရအာဏာပိုင်များအား မိမိတို့ဘက်က ကူညီပံ့ပိုးမှုများ တိုးမြှင့်ပေးရန် အသင့်ရှိကြောင်းလည်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်၏ အာဏာရယူမှုအား ကန့်ကွက်ဆန္ဒဖော်ထုတ်မှုများ နေ့စဉ်ရှိနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုကြောင့် သေဆုံးသူစုစုပေါင်းမှာ မတ်လ ၃၁ ရက်နေ့အထိ ၅၃၆ ဦး ရှိသွားပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ထုတ်ပြန်ချက်အရ သိရသည်။