မြန်မာအာဏာသိမ်းမှုနောက်ပိုင်း မူးယစ်ဆေးထုတ်လုပ်မှု အဆမတန် မြင့်တက်

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်၍ ပြည်တွင်းမငြိမ်မသက်မှု များပြားလာခြင်းနှင့်အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် အရှေ့တောင်အာရှအပြင် အခြားနိုင်ငံများသို့ပါ ရောင်းဝယ်ဖောက်ကားမှုများ မြင့်တက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) မှ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

03 Feb 2022

ဓာတ်ပုံ - UNODC

DMG ၊ ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာစစ်တပ် အာဏာသိမ်းမှုနောက်ပိုင်းမှ စတင်၍ ပြည်တွင်းမငြိမ်မသက်မှု များပြားလာခြင်းနှင့်အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် အရှေ့တောင်အာရှအပြင် အခြားနိုင်ငံများသို့ပါ ရောင်းဝယ်ဖောက်ကားမှုများ မြင့်တက်လျက်ရှိကြောင်း မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) မှ အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။

ပြီးခဲ့သည့်လတွင် ဆိုလျှင် လာအို၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့၌ အာဏာပိုင်များသည် မက်သာဖက်တမင်းဆေးပြား သန်း ၉၀ ထက်မနည်း ဖမ်းဆီးရမိခဲ့သလို Ice ခေါ် မက်သာဖက်တမင်းအခဲ ၄.၄ တန်ခန့်ကိုပါ ဖမ်းဆီးမိခဲ့သည်။ အများစုမှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်စပ်ဧရိယာများမှ ထုတ်လုပ်ခြင်းဖြစ်ကြောင်း UNODC ၏ ပြောကြားချက်အရ သိရသည်။

“မြန်မာပြည်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့နှစ်အတွင်း မက်သာဖက်တမင်း ထုတ်လုပ်မှုဟာ အလွန်အမင်းမြင့်တက်ခဲ့ပြီး ပြန်ကျမယ့်အရိပ်လက္ခဏာ မတွေ့ရဘူး” ဟု UNODC ၏ အရှေ့တောင်အာရှဆိုင်ရာ ကိုယ်စားလှယ် ဂျယ်ရမီဒေါက်ဂလပ်က ပြောသည်။

“မြန်မာနိုင်ငံမှာက မူးယစ်ဆေးနဲ့ ပဋိပက္ခဆိုတာ ဒွန်တွဲနေပါတယ်။ အပြန်အလှန် အကျိုးဖြစ်နေကြတာ” ဟုလည်း သူက ပြောသည်။

နိုင်ငံမငြိမ်မသက်မှုများသည် မူးယစ်ကုန်သည်များအတွက် အကျိုးဖြစ်စေသည်ဟုလည်း သူက ဆိုသည်။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း စီးပွားရေးအကျပ်အတည်းသည် ပိုမိုကြီးထွားလာပြီး ရှမ်းပြည်နယ်မှ လယ်သမားများသည် ရွေးချယ်စရာမရှိတော့ဘဲ မကြာမီ သို့မဟုတ် နှစ်လယ်ခန့်တွင် ဘိန်းစိုက်ပျိုးမှုဆီ ပြန်ရောက်သွားဖွယ်ရှိနေသည်ဟု ဒေါက်ဂလပ်က ပြောသည်။

မြန်မာမှထွက်ရှိသည့် မူးယစ်ဆေးဝါးများ ဖြတ်သန်းနေကျ လမ်းကြောင်းဖြစ်သော ထိုင်းနိုင်ငံတွင် ၂၀၂၀ အောက်တိုဘာမှ ၂၀၂၁ စက်တင်ဘာလအတွင်း မက်သာဖက်တမင်းဆေးပြား သန်း ၅၂၀ အထိ ဖမ်းမိခဲ့သည်။ ဤပမာဏသည် အရှေ့ပိုင်း ၁၂ လအတွင်း ဖမ်းမိခဲ့သည်ထက် ၃၆၁ သန်းအထိ ပိုမိုမြင့်တက်ခဲ့ခြင်းလည်း ဖြစ်သည်။

Ice ဖမ်းမိမှုမှာ ၂၀၂၀ တွင် ဖမ်းဆီးရမိခဲ့သည့် ပမာဏထက် ၂၂ ရာခိုင်နှုန်းအထိ လျော့နည်းကျဆင်းခဲ့သော်လည်း ၂၀၁၉ တွင်း ဖမ်းမိသည့် ပမာဏထက် ၁၈.၂ တန်အထိ ပိုများဆဲ ဖြစ်သည်။

မြန်မာပြည်မြောက်ပိုင်း၊ လာအိုနှင့် ထိုင်းတို့ဆုံရာ ရွှေတြိဂံဒေသ၌ ရာဇဝတ်ဂိုဏ်းများသည် မြန်မာနိုင်ငံမှ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုအချို့နှင့် ပူးပေါင်းကာ မူးယစ်ဆေးထုတ်လုပ်မှု အကြီးအကျယ် လုပ်ကိုင်လျက်ရှိသည်။

၎င်းတို့ထုတ်လုပ်သော မူးယစ်ဆေးဝါးပမာဏသည် အာရှ-ပစိဖိတ် မူးယစ်ဆေးဈေးကွက်ကို လွှမ်းမိုးထားသည်ဟု UNODC ၏ တွေ့ရှိချက်အရ သိရသည်။