အမေရိကန်တွင် ကိုဗစ်ကြောင့် သေဆုံးသူဦးရေ ၈ သိန်းကျော်အထိရှိလာ

အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေသည် ပြီးခဲ့သော အင်္ဂါနေ့၌ ၈၀၀,၀၀၀ အထိ ရှိသွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သေဆုံးသူများအနက် အရေအတွက် ၂၀၀,၀၀၀ ကျော်သည် ကာကွယ်ဆေး ရရှိပြီးမှ သေဆုံးခဲ့ရခြင်းဖြစ်သည်။

16 Dec 2021

(ဓာတ်ပုံ - AP)

DMG ၊ ဒီဇင်ဘာ ၁၆

အမေရိကန်တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေသည် ပြီးခဲ့သော အင်္ဂါနေ့၌ ၈၀၀,၀၀၀ အထိ ရှိသွားပြီဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ သေဆုံးသူများအနက် အရေအတွက် ၂၀၀,၀၀၀ ကျော်သည် ကာကွယ်ဆေး ရရှိပြီးမှ သေဆုံးခဲ့ရခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံသည် အခြားသောနိုင်ငံများအားလုံးထက် သတင်းထုတ်ပြန်ထားသော သေဆုံးမှုဦးရေ အမြင့်မားဆုံးတွင် ရှိနေသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘာ့လူဦးရေ၏ ၄ ရာခိုင်နှုန်း ခန့်သာရှိသော်လည်း လွန်ခဲ့သော ၂ နှစ်က တရုတ်ပြည်တွင် ရောဂါစတင်ပြန့်ပွားချိန်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ကြောင့် စာရင်းရှိ သေဆုံးသူဦးရေ ၅.၃ သန်းတွင် ၁၅ ရာခိုင်နှုန်းအထိရှိနေခဲ့သည်။

သေဆုံးမှုများကို သတိမမူမိခြင်းနှင့် ဖုံးကွယ်ခံရခြင်းများကြောင့် အမေရိကန်နိုင်ငံနှင့် ကမ္ဘာတစ်ဝန်းလုံးရှိ အမှန်တကယ် သေဆုံးသူဦးရေစာရင်းသည် လက်ရှိပမာဏထက် သိသိသာသာ ပိုများမည်ဟု ယူဆရသည်။

ဝါရှင်တန်တက္ကသိုလ်၏ ပုံစံတူနမူနာ ပုံဖော်လေ့လာချက်တစ်ရပ် အရ အမေရိကန်၌ စာရင်းရှိ သေဆုံးသူဦးရေသည် မတ်လ ၁ ရက်နေ့အထိ ၈၈၀,၀၀၀ ကျော်ရှိနေပြီဟု ခန့်မှန်းတွက်ချက်ထားသည်။

သမ္မတ ဂျိုးဘိုင်ဒင်က ကြေကွဲဝမ်းနည်းဖွယ် သမိုင်းမှတ်တိုင် တစ်ခုဖြစ်သည်ဟု အင်္ဂါနေ့က မှတ်ချက်ပြုသည်။ သူက ကာကွယ်ဆေးမထိုးနှံရသေးသော အမေရိကန်များအနေဖြင့်လည်း ကိုယ်တိုင်နှင့် ၎င်းတို့၏ သားသမီးများပါ ကာကွယ်ဆေးလာရောက်ထိုးနှံကြရန် ထပ်မံတောင်းဆိုလိုက်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကိုပါ အားဖြည့်ထိုး ကာကွယ်ဆေးများ ထိုးနှံကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ပြီးခဲ့သောနှစ် ဒီဇင်ဘာလ အလယ်ပိုင်းတွင် ကာကွယ်ဆေးရရှိပြီး ယခုနှစ် ဧပြီလ အလယ်ပိုင်းတွင် အရွယ်ရောက်ပြီးသူများကို ကာကွယ်ဆေး ထိုးနှံနိုင်ခဲ့ပါက ကာကွယ်နိုင်ခဲ့မည်ဖြစ်သောကြောင့် အမေရိကန်နိုင်ငံရှိ အဆိုပါသေဆုံးမှု အများစုသည် အင်မတန် ဝမ်းနည်းဖွယ်ကောင်းသည်ဟု ကျန်းမာရေးပညာရှင်များက ညည်းတွားပြောဆိုသည်။

အမေရိကန်တွင် နိုင်ငံသား သန်း ၂၀၀ ခန့် (သို့မဟုတ်) နိုင်ငံလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော် ပမာဏသာ ကိုဗစ်ကာကွယ်ဆေး ကာကွယ်ဆေးအပြည့်အဝ ထိုးနှံထားသည်။ ဤပမာဏသည် ပညာရှင်များ ပြောထားသော ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်ရန်လိုအပ်သည့် ရာခိုင်နှုန်းထက် အများအပြား လျော့နည်းနေခြင်းဖြစ်သည်။