- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အာဖဂန်ကိုစွန့်ခွာသည့် အမေရိကန်တို့ အာရှကို အပြည့်အဝ အာရုံစိုက်လာမည်လော
အမှန်စင်စစ် အမေရိကန်၏ ဒေသတွင်းလုံခြုံရေးစိုးရိမ်မှုများသည် ပို၍သမာရိုးကျဆန်ပြီး အုပ်ချုပ်ရေး စနစ်များပြောင်းလဲရန် ကြိုးပမ်းခြင်းတွင် ပါဝင်မည့်အစား နိုင်ငံ၏အချုပ်အခြာအာဏာကို ထိန်းသိမ်း ရာတွင် ပံ့ပိုးကူညီပေးရေး၊ မိတ်ဖက် နိုင်ငံများ၏ ယုံကြည်မှုကိုလည်း ဆက်လက် ထိန်းသိမ်း ထားရေး နှင့် တရုတ်၏ နယ်ချဲ့ရည်မှန်းချက်ကို တုန့်ပြန်ရန်သာဖြစ်သည်။
27 Aug 2021

DMG ၊ ဩဂုတ် ၂၇
မေမိုးဘာသာပြန်သည်။
နှစ်ပေါင်းနှစ်ဆယ်နီးပါး တာဝန်ယူခဲ့သည့် အာဖဂန်နစ္စတန်ကို အမေရိကန်တို့ ရုတ်တရက်စွန့်ခွာမှုသည် သမ္မတဘိုင်ဒန်အစိုးရ လက်ထက်တွင် မှတ်ကျောက်တင်စရာ အခိုက်အတန့်တစ်ခု ဖြစ်လာမည်လောဆိုသည်ကို အချိန်က အဖြေပေးသွားပါလိမ့်မည်။
သို့သော်လည်း မျက်မှောက်နိုင်ငံရေးရာ ဝေဖန်သုံးသပ်သူများနှင့် လေ့လာဆန်းစစ်သူများကမူ ယခုလုပ်ရပ်သည် လတ်တလောတွင် အမေရိကန်၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ တဖက်တွင်လည်း အမေရိကန်အစိုးရ၏ ရေရှည်ရည်မှန်းချက်များနှင့် ဒေသတွင်း အမေရိကန်၏ မဟာဗျူဟာအကျိုးစီးပွားများ အတွက် ခြေကုပ်ယူရန် ဆောင်ရွက်နေမှုများကို မထိခိုက်စေနိုင်ကြောင်း ယုံကြည်ဖွယ်ရာ အကြောင်းရင်းများလည်း ရှိနေဆဲဖြစ်သည်။ အနည်းဆုံးတော့ အရှေ့တောင်အာရှတွင် ဖြစ်သည်။
ထိုဒေသသည် အမေရိကန်အတွက် ပြိုင်ဘက်ဖြစ်လာသော တရုတ်နှင့် ထိပ်တိုက်တွေ့ဆုံဖွယ်ရာ အဓိကနေရာဖြစ်လာနေသည်။
အာဖဂန်နစ္စတန်မှ အမေရိကန်ထွက်ခွာမှုကြောင့် အရှေ့တောင်အာရှတွင် ၎င်း၏ ဂုဏ်သတင်းမှာ အလွန်အမင်း ထိခိုက်မည်မဟုတ်ကြောင်း စင်ကာပူရှိ ISEAS – Yusof Ishak သုတေသနအင်စတီကျုမှ Le Hong Hiep က ဆိုသည်။
“အရှေ့တောင်အာရှဟာ အမေရိကန်ရဲ့ အာဖဂန်နစ္စတန်က ဆုတ်ခွာမှုကနေ အကျိုးအမြတ်တောင် ရနိုင်ပါသေးတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန် ဒုသမ္မတ ကင်မလာဟဲရစ်သည် ၎င်း၏ အဓိကမိတ်ဖက် နှစ်နိုင်ငံဖြစ်သော ဗီယက်နမ်နှင့် စင်ကာပူသို့ ယခုလနှောင်းပိုင်းတွင် သွားရောက်ရန် စီစဉ်ထားရာ ထိုမှတ်ချက်မှာ မငြင်းသာပေ။ အရှေ့တောင်အာရှနိုင်ငံ အစိုးရ အများစုမှာ အမေရိကန်၏ အာဖဂန်တွင်ကျရှုံးခဲ့သည့် အကြောင်းရင်း များကို ယခုအချိန်ထိ ထုတ်ဖော် ပြောဆိုမှုမရှိသေးပေ။
သမ္မတဘိုင်ဒန်က ယခင်သမ္မတထရမ့်အစိုးရ၏ တပ်ပြန်ရုပ်သိမ်းရေးအစီအစဉ်ကို ဆက်လက် လုပ်ဆောင်မည် ဖြစ်ကြောင်း ယခုနှစ်အစောပိုင်းက အတည်ပြု ပြောကြားစဉ်တွင် ကမ္ဘောဒီးယားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Phay Siphan က “အာဖဂန်နစ္စတန်က လုံခြုံရေးပြဿနာ သောင်းခြောက်ထောင်ကို ရင်ဆိုင်နိုင်ရခြေရှိတော့ အာဖဂန်ကို စွန့်ခွာခြင်းထက် ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာသင့်တယ်” ဟု ဇူလိုင်လ အတွင်းက ပြောကြားခဲ့သည်။
ဒေသတွင်းခေါင်းဆောင်အချို့သည်လည်း အမေရိကန်ဝင်ရောက်စွက်ဖက် ခြင်း၏ ရည်ရွယ်ချက်ကို ယခင်က မေးခွန်းထုတ်ခဲ့ဖူးကြသည်။ စင်ကာပူအမျိုး သားခေါင်းဆောင် သမ္မတဟောင်း လီကွမ်ယူက ၂၀၀၉ ခုနှစ်က အင်တာဗျူး တစ်ခုတွင် အောက်ပါအတိုင်း မှတ်ချက်ပြုပြောကြားခဲ့သည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၊ ၄၀ အတွင်း ဘယ်နိုင်ငံကမှ (အာဖဂန်လို) နောက်ဆုံးဘုရင် ကျပြီးချိန်ကစပြီး အချင်းချင်း သတ်ဖြတ်တိုက်ခိုက်နေကြသလိုမျိုး မရှိခဲ့ဘူး၊ ဟုတ်တယ်မလား။ ဒီလို အုပ်စုအမျိုးမျိုး ကွဲပြဲနေကြတာကို ဘယ်လိုလုပ်ပြီး စုစည်းနိုင်မှာလဲကွာ။ မဖြစ်နိုင်ဘူး။”
လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ၎င်း၏ အစိုးရအဖွဲ့ကို အာဖဂန် အစိုးရနှင့်တာလီဘန်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကြားဝင်စေ့စပ်သူ အဖြစ် ဆောင်ရွက်ရန် ကြိုးစားသင့်ကြောင်း အကြံပြုခဲ့သေးသည်။ သို့ရာတွင် တာလီဘန်များက တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းကြောင့် ထိုအစီအစဉ်မှာ မအောင်မြင်ခဲ့ပေ။
သို့စေကာမူ တာလီဘန်တို့၏ မြန်မြန်ဆန်ဆန်ချေမှုန်းနိုင်မှုနှင့် အာဖဂန်လူမျိုး များအပါဝင် နိုင်ငံခြားသား များ၏ အာဖဂန်မှထွက်ခွာရန် အသည်းအသန်ကြိုး ပမ်းနေသော ထိတ်လန့်စရာမြင်ကွင်းများကြောင့် အရှေ့တောင် အာရှနိုင်ငံများမှ အစိုးရများသည် ယင်းတို့၏ သံတမန်များနှင့် နိုင်ငံသားများကို ပိတ်ရက်အတွင်း အာဖဂန်မှ ဘေးကင်းရာပြောင်းရွှေ့ပေးရန် ဖိအားပေးခံနေရသည်။
အင်ဒိုနီးရှားသည် တာဝန်ကျသံရုံးဝန်ထမ်းအများစုကို ကာဘူးမြို့မှ ပြောင်းရွှေ့ခဲ့ပြီးဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ရုံးဝန်ထမ်းအနည်းဆုံး အင်အားကို ကာဘူးတွင်ထားခဲ့ရန် စီစဉ်ထားရှိ သော်လည်း လုံခြုံရေးအခြေ အနေပေါ်မူတည်၍ ၎င်းတို့ကိုလည်းပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ဖိလစ်ပိုင်လူမျိုးဒါဇင်ပေါင်းများစွာကို ၎င်းတို့နိုင်ငံသို့မပြန်နိုင်သေးမီ အာဖဂန်အနီးရှိ ဒိုဟာသို့ ခေတ္တခဏ ပို့ဆောင်ပေးထားသည်။ ဖိလစ်ပိုင်အစိုးရသည် အာဖဂန်မှ ဒုက္ခသည်များနှင့် နိုင်ငံရေးခိုလှုံချင်သူများကို လက်ခံသွားရန် ဆန္ဒရှိကြောင်းထုတ်ဖော်ပြောဆိုထားသည်။ အလားတူ ဗီယက်နမ်နိုင်ငံသည်လည်း အာဖဂန်မှ ၎င်း၏ နိုင်ငံသားများကို ကယ်ထုတ်သွားခဲ့ပြီးဖြစ်သည်။
တာလီဘန်များ အာဏာရသွားခြင်းကြောင့် ပိုမိုကျယ်ပြန်သည့်ဒေသတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်စရာ များဖြစ်စေသည်။ တာလီဘန်များ အာဏာ တဖန်ပြန်ရခြင်းသည် “အရှေ့တောင်အာရှတွင် အကြမ်းဖက်မှုနှင့် ပတ်သက်သည့် လှုပ်ရှားမှုများ ပိုမိုများပြားလာနိုင်” ကြောင်း စင်ကာပူပြည်ထဲ ရေးဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ယခုတစ်ပတ်တွင် Strait Times သတင်းစာတွင် ရေးသားဖော်ပြ ထားသည်။
တာလီဘန်တို့၏ အောင်မြင်မှုကိုအားကျလျက် ISIS နှင့် Jemaah Islamiyah အပါအဝင် အရှေ့တောင် အာရှဒေသရှိ Al-Qaeda အပေါင်းအပါများ ခေါင်း ထောင်လာမည်ကို အင်ဒိုနီးရှားရဲအရာရှိများမှာလည်း စိုးရိမ်ပူပန်နေကြသည်။
ဒေသတွင်းခေါင်းဆောင်အချို့သည်လည်း အမေရိကန်မှ ဝင်ရောက် စွက်ဖက် ခြင်း၏ ရည်ရွယ်ချက်ကို ယခင်က မေးခွန်းထုတ်ခဲ့ဖူးကြသည်။ စင်ကာပူအမျိုး သားခေါင်းဆောင် သမ္မတဟောင်း လီကွမ်ယူက ၂၀၀၉ ခုနှစ်က အင်တာဗျူး တစ်ခုတွင် ယခုလို မှတ်ချက်ပြုပြောကြားခဲ့သည်။
အမေရိကန်၏ ဆယ်စုနှစ်များစွာ အလုပ်မဖြစ်သော နိုင်ငံခြားရေးရာမူဝါဒကြောင့် အာဖကန်နစ္စတန်သည် အာဏာရှင်နှင့် ဘာသာရေးအစွန်းရောက်လက်ထဲသို့ ကျရောက်တော့မည်ဟု ပညာရှင်အများက တညီ တညွတ်တည်း မှတ်ချက်ပြုကြသည်။
အမေရိကန်အနေဖြင့် အာဖဂန်မှ ဆုတ်ခွာခြင်းအတွက် ၎င်း၏ ဂုဏ်သိက္ခာကို အဖတ်ပြန်ဆယ်ရန် ရုန်းကန် နေရခြင်းသည် နိုင်ငံများဖြစ်သည့် တရုတ်နှင့်ရှရှား ကို သွေးတိုးစမ်းစေရန် မဟာအခွင့် အရေးပေးသကဲ့သို့ ဖြစ်နေကြောင်း ဝေဖန် ပြောဆိုမှုများလည်းရှိသည်။
အမှန်စင်စစ် တရုတ်နှင့် ရှရှားတို့၏ ဝါဒဖြန့်မှုများတွင် အမေရိကန်၏ အာဖဂန်မှ ဆုတ်ခွာခြင်းက အမေရိကန်၏ အကာအကွယ်ပေးမှုကို ယုံကြည်၍ မရ ကြောင်း ၎င်း၏ အခြားသော မဟာမိတ်များဖြစ်လာဖွယ်ရှိသည့် ဖိလစ်ပိုင်နှင့် ထိုင်ဝမ်တို့ကို ပြသလိုက်ခြင်းဖြစ်သည်ဟု ရေးသား ဖော်ပြကြသည်။
သို့သော်လည်း အမေရိကန်၏ အာဖဂန်တွင် ကာလရှည်စွာတိုက်ရိုက်ဝင်ရောက် စွက်ဖက်မှုမှ ရုပ်သိမ်းလိုက် ခြင်း သည် အခြားသောနိုင်ငံများတွင် ပိုမိုတာဝန်ယူ မည့်သဘောလည်း ဆန့်ကျင်ဘက်အဓိပ္ပာယ်ရသည်။
ထိုဖြစ်ရပ်သည် အမေရိကန်အစိုးရ၏ လစ်ဘရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ရေးကတိကို ယုံကြည်ခဲ့ကြသည့် အာဖဂန်များအတွက် အနည်းငယ်ဖြေသာရာ ရနိုင်သည်။
“သာမန်လူပုဂ္ဂိုလ်တွေအနေနဲ့ ရေတိုအမြင်နဲ့ လူသိရှင်ကြား ထောက်ခံကြမှာ ပေါ့၊ အများစုက လည်း အဲလို ထုတ်ပြောထားကြပြီးပါပြီ။” ဟု ကမ္ဘောဒီးယား ပူးပေါင်း ဆောင်ရွက်ရေး နှင့်ငြိမ်းချမ်းရေး အင်စတီကျုမှ အကြီးတန်း သုတေသီ Bradley Murg က ဆိုသည်။
အာဖဂန်ပြိုကွဲမှုသည် နိုင်ငံတကာတွင် ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ထွန်းကား ရေးအတွက် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှု မအောင်မြင်ခြင်းကိုလှစ်ဟပြနေကြောင်း တရုပ်၏မဟာမိတ် ကမ္ဘောဒီးယား အစိုးရအာဘော်သတင်းစာ Fresh News ၏ ယခုရက်သတ္တပတ်ထုတ် အယ်ဒီတာ ခေါင်း ကြီးတွင် ရေးသား ဖော်ပြထားသည်။
ကမ္ဘောဒီးယား အာဏာရှင်အစိုးရကို မကြာခဏ ဝေဖန်ပြစ်တင်လေ့ရှိသော နိုင်ငံတကာလူ့ အခွင့်အရေး အဖွဲ့များအနေဖြင့် အမေရိကန်၏ လုပ်ရပ်အပေါ် ဝေဖန် ပြစ်တင်ခြင်း မလုပ်သေး သည်မှာလည်း မေးခွန်း ထုတ်စရာဖြစ်နေသည်။
သို့တစေ ပြဿနာများတည်ငြိမ်လာသည်နှင့်အမျှ အမေရိကန်အနေဖြင့် အာဖဂန်မှထွက်ခွာရန်လိုအပ်နေပြီး အရှေ့တောင်အာရှနှင့် အင်ဒို-ပစိဖိတ်ဒေသ တွင် အနာဂတ်အတွက်အခြေချနိုင်ရေး အာရုံစိုက်လုပ်ဆောင်ရန် အခွင့်အရေး ရလာမည်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုရလျှင် အာဖဂန်မှ အမေရိကန်၏ အပြီးသတ်ဆုတ်ခွာမှု သည် ၂၀၁၀ ပြည့်လွန်အစော ပိုင်း နှစ်များတွင်ထားခဲ့သော အမေရိကန်အစိုးရ၏ အရှေ့အလယ်ပိုင်းပေါ်အာရုံစိုက်မှုကို အဆုံးသတ်ပြီး ၂၀၁၁ ခုနှစ်တွင် သမ္မတ အိုဘားမားအစိုးရ အစပြုခဲ့သော အာရှဗဟိုပြုရေး ခြေလှမ်းဘက်ကို စလှည့် တော့မည့် ကြီးမားလှသည့်အလှည့်အပြောင်းဖြစ်သည်။
အမေရိကန်သည် ၂၀၁၀ ခုနှစ် အစောပိုင်းကပင် အရှေ့အလယ်ပိုင်းအရေးတွင် မအောင်မြင်ခဲ့ခြင်း ကိုဖုံးကွယ်ရန် မူဝါဒပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုလိုပြောကြားမှုသည်လည်း အဖြစ်မှန်တုန့်ပြန်ခြင်းဖြစ်ကြောင်း ဝေဖန်ရေးသမားများက ထိုစဉ်ကပင် ပြောဆိုခဲ့ကြသည်။
မည်သို့ပင်ဖြစ်စေ အိုဘားမားအစိုးရနှင့်ထရမ့်အစိုးရတို့သည် အာရှဒေသ အပေါ် အာရုံစိုက်မှုကို သိသာစွာပင် တိုးမြှင့်ခဲ့ကြပြီး ထရမ့်လက်ထက်တွင် “အင်ဒို-ပစိဖိတ်” အမည်ဖြင့် အလေးထား လုပ်ဆောင်ခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများမှ အစိုးရတာဝန်ရှိသူအနည်းငယ်ခန့်ကသာ အာဖဂန်မှထွက်ခွာလာ ခြင်းကြောင့် ဒေသတွင်းတွင် အမေရိကန်သြဇာသက်ရောက် နိုင်မှုအပေါ် ထုတ်ဖော် ပြောဆိုကြသော်လည်း အများစုကမူ မည်သည့် အပြောင်းအလဲမျှရှိမည်မဟုတ်ကြောင်း အသေအချာ ပြောဆိုခဲ့ကြသည်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Teodoro Locsin Jr သည် အမေရိကန်နှင့် ဖိလစ်ပိုင်တို့၏ နှစ်နိုင်ငံဆက်ဆံ ရေးကို အမွှန်းတင်ကာ အမေရိကန်သမ္မတဘိုင် ဒန်၏ လုပ်ဆောင်ချက်များကို Twitter တွင် ကာကွယ်ပေး နေသည်။ ဝန်ကြီး၏ ရေးသားမှုတွင် ဖိလစ်ပိုင်အစိုးရက မကြာသေးမီက သဘောတူထားသော ဖိလစ်ပိုင်တွင် အမေရိကန် တပ်သားများ အလှည့်ကျတာဝန်ထမ်းဆောင်ခြင်းနှင့် တပ်ဆင်ထားသည့် စစ်သုံးလက်နက် ကိရိယာများ လဲလှယ်ခြင်းတို့ကို လုပ်ဆောင် နိုင်သည့် တပ်သားများလာလည် ရေး သဘောတူညီချက် (Visiting Forces Agreement) ကို ပြန်လည်အသက်ဝင်စေခြင်းတို့ပါဝင်သည်။
“တစ်ခါတလေ အမေရိကန်လည်း ကမ္ဘာ့ဇာတ်ခုံပေါ်ကနေ ဆင်းချင်ရင် ဆင်းမှာပဲ၊ ဒါကလည်း ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ သူ့ကို စင်ပေါ်ကနေတော့ တွန်းမချလိုက်နဲ့၊ သူ့ဘာသာသူပဲ ဆင်းပါစေ” ဟု ဝန်ကြီးက Twitter တွင် ရေးသားခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်မှုမှာ မူဆလင် အများစုရှိရာ ဘရူနိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့အတွက် အငြင်းပွား ဖွယ်ရာကိစ္စရပ်တစ်ခုအဖြစ် ကာလကြာရှည်ရှိခဲ့ပြီး ယခုဆုတ်ခွာမှုကြောင့် ထိုနိုင်ငံများနှင့် သံရေးတမန်ရေးရာ မကျေမလည်ဖြစ်ခဲ့ရမှုများကို ဖြေရှင်းပြီး သားဖြစ်သွားနိုင်သည်။ ၂၀၀၁ ခုနှစ် အာဖဂန်နစ္စတန်ကို ဝင်ရောက်စွက်ဖက်ပြီး အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတို့နှင့် အမေရိကန်၏ ပူးပေါင်း ဆောင်ရွက်ရေးမှာ သမိုင်းဝင်အနိမ့်ဆုံး အခြေအနေသို့ ချက်ချင်းဆိုသလို ကျဆင်းသွားခဲ့သည်။
သမ္မတဘိုင်ဒန်က အမေရိကန်တပ်များ အာဖဂန်မှ အပြီးပိုင်ပြန်လည်ရုပ်သိမ်းရေး လုပ်ဆောင်သော သူ့ဆုံး ဖြတ် ချက်မှာ မှန်ကန်ကြောင်းခုခံပြောဆိုရာတွင် အမေရိကန်အနေဖြင့် “ထာဝရစစ်ပွဲ”လိုမျိုးကို မတိုက်နိုင်ကြောင်း ဆိုသည်။ သို့ရာတွင် ၁၉၅၀ ခုနှစ်လွန်များတည်းက တောင်ကိုရီးယား တွင်လည်းကောင်း၊ ၁၉၄၀ ခုနှစ်နောက်ပိုင်း ကတည်းက ဥရောပတွင်လည်းကောင်း အမေရိကန်တပ် များ အထိုင်ချထားမှုများရှိရာ သမ္မတ၏ ယခုပြောဆိုချက်သည် ကျိုးကြောင်း ဆီလျော်မှုမရှိဘဲ အာဆီယံ၏ သူတပါးပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ရေးအကြောင်း ပြောနေ သကဲ့သို့ဖြစ်နေသည်ဟု ဝေဖန်မှုများရှိသည်။
ဂျာကာတာပို့စ် အယ်ဒီတာခေါင်းကြီးပိုင်းတွင် “အာဖဂန်က ကျွန်တော်တို့ရလိုက်တဲ့ သင်ခန်းစာ ကတော့ ဘယ်လောက်ပဲ မဟာဗျူဟာကျတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါစေ အဆုံးမှာတော့ ကိုယ့်အား ကိုယ်ကိုးပြီး တည် ဆောက်ရမှာဖြစ်တယ်။ အာဖဂန် ပြည်သူများအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမဲ့ ဘိုင်ဒန်ပြောခဲ့သလိုဘဲ အာဖဂန်ပြည်သူတွေကသာ သူတို့နိုင်ငံရဲ့အနာဂတ်ကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်” ဟုနိဂုံးချုပ် ဖော်ပြထားသည်။
အခြေခံကျကျသုံးသပ်ရလျှင် အမေရိကန်၏ အရှေ့အလယ်ပိုင်းတွင် မအောင် မြင်ခဲ့သော မူဝါဒကြောင့် ကမ္ဘာ့အခြားဒေသများရှိ အမေရိကန်၏ လုပ်ဆောင် ချက်များမှာလည်း အလုပ် ဖြစ်လိမ့်မည်မဟုတ်ဟု တစ်ထစ်ချပြောရန် မလွယ်ကူပေ။
မြန်မာနိုင်ငံအပေါ် ထားရှိသော မူဝါဒမှလွဲလျှင် အရှေ့တောင်အာရှ အတွက် အမေရိကန်၏မူသည် အစိုးရအပြောင်းအလဲ လုပ်ဆောင်ရန်မဟုတ်သလို အစိုးရသစ်တစ်ရပ် ထူထောင်ရန်လည်း မဟုတ်ပေ။ သို့တိုင်အောင် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုပြီး ကတည်းက အမေရိကန်အစိုးရအနေဖြင့် လုပ်စရာများများ စားစားမရှိတော့ပေ။
အမေရိကန်အစိုးရအနေဖြင့် လာအိုနှင့် ဗီယက်နမ်တို့၏ ကွန်မြူနစ်စနစ်အုပ် ချုပ်မှုပုံစံကို အစားထိုးရန် စိတ်မဝင် စားပေ။ ယခုဆိုလျှင် ဗီယက်နမ် ကွန်မြူနစ် ပါတီ၏ ဗျူရိုကရက်များမှာ အမေရိကန်၏ တက်ကြွသော အာရှ မဟာများထဲတွင် ပါဝင်နေပြီဖြစ်သည်။
အလားတူ ထိုင်းနှင့် ကမ္ဘောဒီးယားတို့တွင်လည်း အာဏာရှင်များအုပ်ချုပ်နေမှုကို ဖြုတ်ချရန် အမေရိကန်အနေဖြင့် ကြိုးပမ်းမှုမရှိတော့ပေ။
အမှန်စင်စစ် အမေရိကန်၏ ဒေသတွင်းလုံခြုံရေးစိုးရိမ်မှုများသည် ပို၍သမာရိုးကျဆန်ပြီး အုပ်ချုပ်ရေး စနစ်များပြောင်းလဲရန် ကြိုးပမ်းခြင်းတွင် ပါဝင်မည့်အစား နိုင်ငံ၏အချုပ်အခြာအာဏာကို ထိန်းသိမ်း ရာတွင် ပံ့ပိုးကူညီပေးရေး၊ မိတ်ဖက် နိုင်ငံများ၏ ယုံကြည်မှုကိုလည်း ဆက်လက် ထိန်းသိမ်း ထားရေး နှင့် တရုပ်၏ နယ်ချဲ့ရည်မှန်းချက်ကို တုန့်ပြန်ရန်သာဖြစ်သည်။
တောင်တရုတ်ပင်လယ်ဆိုင်ရာအငြင်းပွားမှုနှင့် အမေရိကန်မှ အရှေ့အလယ်ပိုင်းတွင် ဝင်ရောက်စွက်ဖက် ခဲ့သကဲ့ သို့ တရုပ်မှ ထိုင်ဝမ်ကို ကျူးကျော်မည့် အန္တရာယ်များနှင့်စပ်လျဉ်း၍ အင်ဒို-ပစိဖိတ်သည် ပဋိပက္ခ ဖြစ်လာနိုင်သည့်ဒေသမဟုတ်ပေ။
အာဖဂန်၏ အချိုးမညီပြောက်ကျားစစ်ပွဲနှင့် နှိုင်းယှဉ်ကြည့်လျှင် တောင်တရုတ် ပင်လယ်အရေးတွင် ဖိလစ်ပိုင် နှင့် ဗီယက်နမ်တို့ကို အားပေးထောက်ခံပေးခြင်းနှင့် ထိုင်ဝမ်ကို တရုတ်၏ တိုက်ရိုက်ကျူးကျော်မှုများမှ အကာအကွယ်ပေးခြင်းတို့ သည် သမာရိုးကျစစ်ပွဲပုံစံမျိုးသာဖြစ်သည်။
ထို့အပြင် အရှေ့အလယ်ပိုင်းတွင် အမေရိကန်၏ ဆောင်ရွက်မှုသည် ဆင်းရဲမွဲတေနေပြီး စီမံအုပ်ချုပ် နိုင်စွမ်းမရှိသည့် နိုင်ငံများတွင် စီးပွားရေးအသက်သွင်း ရန် ကြိုးပမ်းပေးခြင်းကိုသာ အာရုံစိုက် လေ့ရှိပြီး ဆယ်စုနှစ်များစွာကြာ မြင့်လာသည့်အချိန်တွင် မလုပ်ဆောင်နိုင်သည့် တာဝန်တစ်ခုကဲ့သို့ဖြစ်နေသည်။
တရုတ်၏ အပေးအကမ်းရက်ရောမှုကနေ ဖြတ်တောက်စေလျက် ကမ္ဘာ့ဖွံ့ဖြိုးမှု အမြန်ဆုံးနိုင်ငံအချို့၏ စီးပွားရေးကို မည်သို့ ပိုမိုပူးပေါင်းဆောင်ရွက်မည်နည်း ဆိုသည်မှာ အရှေ့တောင်အာရှတွင် အမေရိကန် လုပ်ဆာင်ရမည့်ကိစ္စဖြစ်သည်။ အရှေ့အလယ်ပိုင်းတွင် နိုင်ငံရေးအယူအဆ တစ်ရပ်နှင့် နိုင်ငံတည်ဆောက်ရေး ကြိုးပမ်းမှုခဲ့မှုထက် အာရှတွင် အမေရိ၏ ကန်လုံခြုံရေးအကျိုးစီးပွားကို နိုင်ငံတကာ ပိုပြီးလက်ခံကြလိမ့်မည် ဆိုသည့် အမြင်မျိုးလည်း ရှိကြသည်။
ယခုနှစ်တွင် ဂျာမနီအပါအဝင် ဥရောပတွင်သြဇာကြီးနိုင်ငံများသည်လည်း တောင်တရုပ် ပင်လယ် တွင်ပြု လုပ်သော “လွတ်လပ်စွာသွားလာခွင့်” စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်လာသည်ကို တွေ့နိုင်သည်။ အငြင်းပွားနေသည့် ရေပြင် ဧရိယာတွင် တရုတ်အစိုးရ၏ ဗိုလ်ကျနယ်မြေတောင်းဆိုလာမှုကို ဆန့်ကျင်ပြီး နိုင်ငံတကာစည်းမျဉ်းများဖြင့် ခုခံကာကွယ်လာသည့်နည်းလမ်းတစ်ခုဖြစ်သည်။
အာရှဒေသတွင်းတွင် အမေရိကန်၏ ရပ်တည်မှုမှာ ဂျပန်၊ အိန္ဒိယနှင့် သြစတေးလျနှင့် အခြားသော အဓိက မဟာမိတ်များနှင့် တစ်သားတည်း ဖြစ်သည်။ သို့ရာတွင် အရှေ့အလယ်ပိုင်းတွင် ထားရှိခဲ့သော အမေရိကန်၏ ရည်မှန်းချက်အပေါ်တွင် နိုင်ငံတကာမှ သဘောတူညီမှုမရှိခဲ့ချေ။ အမေရိကန်၏ ထိုမူဝါဒမှာ လည်း အောင်မြင်မှု မရခဲ့ပေ။
ယခုအပတ်အတွင်း ကဘူး၌ ဝမ်းနည်းဖွယ်ရာမြင်ကွင်းများနှင့် ၁၉၇၅ ခုနှစ်အတွင်း ဆိုင်ဂုံကျဆုံးခန်း တို့နှင့် စပ်လျဉ်း၍ ထင်ရှားသော နှိုင်းယှဉ်မှုများ ပြုလုပ်ကြသည်။ သို့သော်လည်း အမေရိကန် ၏ နိုင်ငံပြင်ပ စစ်ပွဲများသည် ဗီယက်နမ်စစ်ပွဲ အဆုံးသတ်မှုနှင့် ရပ်မသွားဘဲ ဆက်လက်ရှိနေခဲ့သည်။
ဗီယက်နမ်စစ်ပွဲပြီးနောက်နှစ်တွင် အန်ဂိုလာတွင် စစ်ဆင်ရေးကို တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်။ ၁၉၈၀ အစောပိုင်းနှစ်များတွင် အရှေ့တောင်အာရှရှိ ကွန်မြူနစ်များကို တိုက်ခိုက်နေရာမှ ဗဟိုအမေရိက နှင့် ကာရေဘီယံဒေသများတွင် ကွန်မြူနစ်နှိမ်နင်းရေးဘက်သို့ ပြောင်းလဲလုပ်ဆောင်ခဲ့သည်။
အတိတ်သမိုင်းကိုသာ အလုံးစုံသိမြင်ခွင့် ရမည်ဆိုလျှင် အမေရိကန်တို့ ကမ္ဘာ့တစ်နေရာမှ ဆုတ်ခွာမှုသည် အခြားတစ်နေရာတွင် ပိုမိုအင်အားကြီးစွာ ပါဝင်လာတော့မည်ဟု ပြောနေပေလိမ့်မည်။
မေမိုး
(‘Afghan retreat enables full US pivot to Asia by David Hutt, ASIA TIMES’ ကို မြန်မာပြန်ဆိုပါသည်။ )