တရုတ်အပေါ် တန်ပြန်ထိန်းညှိရန် အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ သုံးနိုင်ငံ မဟာမိတ်ဖွဲ့

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သုံးနိုင်ငံပူးပေါင်းပြီး လုံခြုံရေးမဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

16 Sep 2021

ဗြိတိန်လေယာဉ်တင်သင်္ဘော Queen Elizabeth (ဓာတ်ပုံ - The Australian)

အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျ သုံးနိုင်ငံပူးပေါင်းပြီး လုံခြုံရေးမဟာမိတ်အဖြစ် ဖွဲ့စည်းလိုက်ကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့တွင် ကြေညာသည်။

ယခုစီမံကိန်းအရ တရုတ်၏ လှုပ်ရှားမှုများကို တန်ပြန်ထိန်းညှိရေးအတွက် သြစတြေးလျနိုင်ငံအား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ ထောက်ပံ့ပေးမည်ဟု Kyodo News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဗြိတိန်ဝန်ကြီးချုပ်၊ သြစတြေးလျဝန်ကြီးချုပ်တို့နှင့်အတူ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမှု ပြုလုပ်ချိန်၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က “ကျွန်တော်တို့ သုံးနိုင်ငံအကြား ပိုမိုနက်ရှိုင်းပြီး တရားဝင်တဲ့ နောက်ထပ် သမိုင်းဝင်ခြေလှမ်းသစ်တစ်ရပ်ကို စတင်လိုက်ပါပြီ။ အင်ဒို-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ရေရှည် အာမခံပေးနိုင်ရေးအတွက် အလေးထားဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ် ပြုထားတဲ့အတွက် ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

တရုတ်နှင့် သြစတြေးလျတို့အကြား ကုန်သွယ်ရေးအပါအဝင် အခြားသောကိစ္စရပ်များကြောင့် ဆက်ဆံရေး အဆင်မပြေမှုများ မြင့်တက်လာနေချိန်၌ ဗြိတိန်လေယာဉ်တင်သင်္ဘော Queen Elizabeth အား အင်ဒို-ပစိဖိတ်ဒေသတွင်း နေရာချထားမှု နှင့်အတူ ယခုကဲ့သို့ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

တရုတ်ဘက်ကမူ ယခုလုပ်ရပ်အား ကန့်ကွက်လိုက်သည်။ အမေရိကန်ရှိ တရုတ်သံရုံးပြောခွင့်ရ ပုဂ္ဂိုလ်က ဤသုံးနိုင်ငံသည် “အခြားသူများ၏ အကျိုးစီးပွားကို ပစ်မှတ်ထားသော သို့မဟုတ် ထိခိုက်စေသော သီးခြားအုပ်စုဖွဲ့မှုမျိုး မဆောင်ရွက်သင့်ကြောင်း” ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယခု မဟာမိတ်စာချုပ်သစ်အရ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့သည် သတင်းအချက်အလက်နှင့် နည်းပညာ မျှဝေခြင်းများ ဆောင်ရွက်မည်ဖြစ်သလို ကာကွယ်ရေးစွမ်းရည်နှင့် သုံးနိုင်ငံ ချိတ်ဆက်ဆောင်ရွက်နိုင်စွမ်း တို့ကို မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်သည်။

ကနဦးအားဖြင့် ဆိုင်ဘာလုံခြုံရေး၊ ဉာဏ်ရည်တု AI နည်းပညာနှင့် စွမ်းအင်နည်းပညာတို့ကို အလေးထားဆောင်ရွက်သွားမည်ဖြစ်သည်။