တရုတ်တွင် ဗိုင်းရပ်စ်ပျံ့နှံ့မှု လပိုင်းအတွင်း အရှိန်လျော့သွားဖွယ်ရှိ

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုမှာ ဧပြီလခန့်အရောက်တွင် အရှိန်လျော့ကျရပ်တန့်သွားဖွယ်ရှိကြောင်း တရုတ်ဆေးဖက်ဆိုင်ရာအကြီးတန်းအကြံပေးတစ်ဦးက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

By Foreign Desk 12 Feb 2020

WHO ကမူ အလွန်အန္တရာယ်များသော ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်ခြေရှိဆဲဖြစ်ကြောင်း သတိပေးထားသည်။ (ဓာတ်ပုံ - Reuters)

တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေမှုမှာ ဧပြီလခန့်အရောက်တွင် အရှိန်လျော့ကျရပ်တန့်သွားဖွယ်ရှိကြောင်း တရုတ်ဆေးဖက်ဆိုင်ရာအကြီးတန်းအကြံပေးတစ်ဦးက ပြောကြားလိုက်ကြောင်း Reuters သတင်းတွင်ဖော်ပြထားသည်။

သို့ရာတွင် ယင်းဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူအရေအတွက်မှာ အင်္ဂါနေ့အရောက်တွင် ၁၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကမူ အလွန်အန္တရာယ်များသော ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်ဖြစ်လာမည့် အန္တရာယ်ရှိနေဆဲဖြစ်ကြောင်း သတိပေးပြောကြားထားသည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးအရ ကမ္ဘာ့ဒုတိယအင်အားအကြီးဆုံးဖြစ်သော တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်းများမှာ အခက်အခဲများနှင့်ရင်ဆိုင်နေရပြီး တရုတ်နှစ်သစ်ကူးပိတ်ရက်အပြီးတွင် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ရန် ရုန်းကန်ကြရလျက်ရှိကာ ၎င်းတို့အနေဖြင့် ဆက်လက်ရပ်တည်နိုင်ရန် ချေးငွေများလိုအပ်လိမ့်မည်ဟု ပြောကြားလျက်ရှိသည်။

ကူးစက်ပျံ့နှံ့မှုအသစ်ဖြစ်ပေါ်မှုများမှာ အချို့နေရာများတွင် လျော့ကျလာခဲ့ပြီဖြစ်ပြီး ကူးစက်ရောဂါကပ်ဘေးမှာ ယခုအတွင်း၌အမြင့်ဆုံးသို့ရောက်ရှိပြီးနောက် ပြန်လည်လျော့ကျလာလိမ့်မည်ဟု မျှော်လင့်ရကြောင်း တရုတ်နိုင်ငံ၏ ဗိုင်းရပ်စ်ကူးစက်မှုဆိုင်ရာ အထင်ကရဆေးပညာအကြံပေးပုဂ္ဂိုလ် ကျုံးနန်ရှန်းက ပြောကြားခဲ့သည်။

" ဒီဗိုင်းရပ်စ်ကပ်ဘေးကြီးဟာ ဧပြီလလောက်မှာ ပြီးဆုံးသွားလိမ့်မယ်လို့ ကျနော်မျှော်လင့်ပါတယ် " ဟုလည်း အသက် ၈၃ နှစ်အရွယ်ရှိပြီဖြစ်သည့် မစ္စတာကျုံးကပြောကြားသည်။ ကပ်ရောဂါဘေးဆိုင်ရာကျွမ်းကျင်ပညာရှင်ဖြစ်သော မစ္စတာကျုံးသည် ၂၀၀၃ ခုနှစ်က SARS ရောဂါကပ်ဘေးအတွင်း Reuters သတင်းဌာနနှင့် အင်တာဗျူးတစ်ခုမှတစ်ဆင့် ထင်ရှားလူသိများလာခဲ့သူ ဖြစ်သည်။

မစ္စတာကျုံး၏ မှတ်ချက်စကားကြောင့် ကမ္ဘာ့စတော့ရှယ်ယာဈေးကွက်မှာ စံချိန်တင်ပြန်လည်မြင့်တက်လာခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုးမှာ ၄ လအတွင်း အမြင့်ဆုံးသို့ရောက်ရှိခဲ့သည်။

သို့သော် WHO ကမူ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၂၇၀၈ ဦးခန့်ရှိပြီဖြစ်ပြီး သေဆုံးသူအရေအတွက်မှာ ၁၀၁၇ ထိရှိပြီဖြစ်ကြောင်း ကြေညာထားကာ WHO အကြီးအကဲ တက်ဒရော့စ်အက်ဒါနမ် ဂယ်ဘရေယီဆုကလည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံကြား ဗိုင်းရပ်စ်နမူနာများလဲလှယ်ခြင်း၊ ကုသဆေးနှင့် ကာကွယ်ဆေးများအတွက် သုတေသနများ အရှိန်မြှင့်ဆောင်ရွက်ခြင်းများလုပ်ဆောင်ရန် တိုက်တွန်းနှိုးဆော်ထားသည်။

" ဗိုင်းရပ်စ်ကူးစက်မှုရဲ့ ၉၉ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံမှာပဲ ဖြစ်ပွားပြီး ဒါဟာယင်းနိုင်ငံအတွက်သာ အရေးပေါ် အခြေအနေတစ်ရပ်အနေနဲ့ ရှိနေတာမှန်ပေမယ့် ကျန် ၁ ရာခိုင်နှုန်းကနေပြီး အလွန်အန္တရာယ်များတဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုကြီးတစ်ရပ် ဖြစ်လာနိုင်ခြေရှိနေဆဲဖြစ်ပါတယ် " ဟု တက်ဒရော့စ်က ဂျနီဗာမြို့တွင် သုတေသနပညာရှင်များ စုဝေးတွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားလျက်ရှိသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံရှိပြီး ဟောင်ကောင်နှင့် ဖိလစ်ပိုင်တို့တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီးသေဆုံးသူ ၁ ဦးစီရှိထားကြောင်း WHO နှင့် တရုတ်အာဏာပိုင်များ၏ ထုတ်ပြန်ချက်အရသိရသည်။