ကမ္ဘာ့လက်နက်ကုမ္ပဏီကြီးများ ၆ နှစ်ဆက်တိုက် ရောင်းအားကောင်းနေပြီး ကိုဗစ်ကြောင့် ထိခိုက်မှုမရှိ

ကမ္ဘာ့အကြီးဆုံး လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများသည် ကိုဗစ်-၁၉ ကြောင့် ပေါ်ပေါက်လာသည့် စီးပွားရေးဆုတ်ကပ်ကို အကြီးအကျယ်ရှောင်ရှားနိုင်ခဲ့ပြီး ပြီးခဲ့သောနှစ်တွင် အမြတ်အစွန်းများ မြင့်တက်ခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်အရ သိရသည်။

07 Dec 2021

ဓာတ်ပုံ - AFP

DMG ၊ ဒီဇင်ဘာ ၇

ကမ္ဘာ့အကြီးဆုံး လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီကြီးများသည် ကိုဗစ်-၁၉ ကြောင့် ပေါ်ပေါက်လာသည့် စီးပွားရေးဆုတ်ကပ်ကို အကြီးအကျယ်ရှောင်ရှားနိုင်ခဲ့ပြီး ပြီးခဲ့သောနှစ်တွင် အမြတ်အစွန်းများ မြင့်တက်ခဲ့ကြောင်း တနင်္လာနေ့က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်အရ သိရသည်။

ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် ကပ်ဘေးကာလတွင်လည်း လက်နက်များ ဆက်လက်ဝယ်ယူခဲ့ကြသလို အချို့ကုမ္ပဏီများသည် လက်နက်ကြီးထုတ်လုပ်ရေး စီမံကိန်းများအတွက် အစိုးရထံမှ အကူအညီများ ရရှိခဲ့ကြကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့ (SIPRI) ကထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ချိန်၌ ထိပ်တန်း လက်နက်ကုမ္ပဏီ ၁၀၀ သည် အမြတ်အစွန်း ၁.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ၅၃၁ ဘီလျံအထိ စံချိန်တင် ဝင်ငွေရရှိခဲ့သည်။

“စစ်အသုံးအဆောင်နှင့် ဝန်ဆောင်မှုများ လိုအပ်နေသည့် အစိုးရများသည် စစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီများအား အကြီးအကျယ် ကာကွယ်ပေးခဲ့ကြသည်” ဟု SIPRI သုတေသီတစ်ဦးဖြစ်သူ

အယ်လက်ဇန်ဒရာ မာ့စတိုင်နာက အဖွဲ့၏ လက်နက်ကုမ္ပဏီများအကြောင်း နှစ်ပတ်လည်စစ်တမ်းတွင် ပြောကြားထားသည်။

“ကမ္ဘာ့နိုင်ငံ အများအပြားတွင် စစ်အသုံးစရိတ်များ ပိုများလာသကဲ့သို့ အချို့အစိုးရများသည် ကိုဗစ်-၁၉ အကျပ်အတည်းကို ရှောင်ရှားနိုင်ရန် လက်နက်ကုမ္ပဏီများအား ငွေကြေးများ တိုးမြှင့်ပေးအပ်မှုများ ရှိသည်” ဟု သူကပြောသည်။

ထိပ်ဆုံးတွင်ရှိနေသည့် လက်နက်ကုမ္ပဏီကြီးငါးခုလုံးသည် အမေရိကန်နိုင်ငံမှဖြစ်သည်။ နံပါတ်တစ် နေရာတွင် ရှိနေသည့် F-35 တိုက်လေယာဉ်အပါအဝင် ဒုံးကျည်အမျိုးအစား အများအပြား အများဆုံးရောင်းချနေရသည့် Lockheed-Martin ကုမ္ပဏီဆိုလျှင် ဝင်ငွေ ၅၈.၂ ဘီလျံအထိရှိခဲ့သည်။

ထိပ်တန်း လက်နက်ထုတ်လုပ်ရေးနိုင်ငံကြီးများအနက် ပြင်သစ်နှင့် ရုရှားနိုင်ငံတို့ ပြီးခဲ့သည့်နှစ်တွင် လက်နက်ရောင်းအား ကျဆင်းခဲ့ကြောင်း အစီရင်ခံစာအရသိရသည်။

၂၀၂၀ ထိပ်တန်းလက်နက်ကုမ္ပဏီ ၁၀၀ ၏ အရောင်းတွင် ၁၃ ရာခိုင်နှုန်းအထိ နေရာရထားသည့်နိုင်ငံမှာ တရုတ်ဖြစ်သည်။ တရုတ်ကုမ္ပဏီကြီးငါးခု၏ လက်နက်အရောင်းသည် ၂၀၁၉ ခုနှစ်ထက် ၂၀၂၀ တွင် ၁.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ခန့်မှန်းခြေ ၆၆.၈ ဘီလျံအထိရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။